ပလက်ဝဒေသက ဗိုလ်မှူးတွေ ဦးဆောင်တဲ့ အင်အား ၆၀ ကျော်ပါ စစ်အုပ်စု စစ်ကြောင်း အလင်းဝင်၊
AA က ပလက်ဝဒေသကို မသိမ်းမီ စစ်ကြောင်းတစ်ခုလုံး ပြည်သူ့ရင်ခွင် ခိုလှုံတာဖြစ်၊
မှူးအိန်ဂျယ်လ်/MFP ၊ အောက်တိုဘာ – ၃၁
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ အိမ်ပြာကုန်းစခန်းက ဗိုလ်မှူး အောင်မျိုးသွင်နဲ့ ဗိုလ်မှူး အောင်ကိုထွေး တို့ ဦးဆောင်တဲ့ အင်အား ၆၁ ဦးပါ စစ်အုပ်စု စစ်ကြောင်းဟာ ၂၀၂၄ ဇန်နဝါရီလဆန်းက ချင်း အမျိုးသား ကာကွယ်ရေးတပ် – ပလက်ဝ (CDF) ထံ ဆက်သွယ်ပြီး လက်နက်ခဲယမ်းတွေနဲ့ အတူ အလင်းဝင်ကာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ သတင်း ရရှိပါတယ်။
CDM ပြုလုပ်ဖို့ အခွင့်အခါကောင်းကို စောင့်ဆိုင်းနေတဲ့ အဲ့ဒီ ပလက်ဝမြို့နယ် အိမ်ပြာကုန်းစခန်းက အင်အား ၆၀ ကျော်ရှိ စစ်အုပ်စု တပ်ရင်းဟာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် အာရက္ခတပ်တော် – AA က ရခိုင်နဲ့ ပလက်ဝဒေသမှာ ထိုးစစ် စတင်လို့ အခွင့်အရေးရတာနဲ့ တပြိုင်နက် CDF ပလက်ဝထံ ဆက်သွယ်ပြီး ပြည်သူ့ ရင်ခွင် ခုံလှုံခဲ့တာလို့ စစ်ကြောင်းလိုက် ဦးဆောင်ကာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တဲ့ ဗိုလ်မှူး အောင်မျိုးသွင်က MFP ကို ပြောပါတယ်။
AA က ပလက်ဝဒေသ၊ အိန္ဒိယ – မြန်မာ နယ်စပ်မှာရှိတဲ့ ခဝဲဗျူဟာကုန်းနဲ့ ပွိုင့် (၃၇၇)ခြေကုတ်စခန်းကို ၂၀၂၃ ဒီဇင်ဘာ ၂၇ရက်နဲ့ ၂၈ရက်တွေမှာ သိမ်းပိုက်ပြီး ရက်ပိုင်းအကြာ ၂၀၂၄ ဇန်နဝါရီ ၈ ရက်မှာ အထက်ပါ အင်အား ၆၀ ကျော်ပါ စစ်ကြောင်းက ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တာလို့ ဆိုပါတယ်။
“အဓိက CDM ပြုလုပ်ရတဲ့ အကြောင်းအရင်းက ယခုလက်ရှိ အခြေအနေမှာရော ကျွန်တော်အောက်က ကျွန်တော် ဦးဆောင်တဲ့ အဖွဲ့အောက်က လူတွေကလည်း အရင်ကတည်းက CDM လုပ်ချင်ကြတယ်။ အဲဒီမှာ အချိတ်အဆက်တွေ၊ အဆက်အသွယ်တွေ၊ ဦးစီးဦးဆောင်ပေးမယ့်သူ မရှိတော့လည်း သူတို့မှာလည်း အခက်အခဲ လေးတွေကြောင့် ကျွန်တော်တို့ ကြန့်ကြာနေရတာပေါ့။ ပြည်သူ့ရင်ခွင် ခိုလှုံဖို့အတွက်ကတော့ ကျွန်တော်တို့ စစ်အုပ်စုက ပြည်သူ့အာဏာကို မတရား ရယူထားတယ်။ ပြည်သူလူထုကိုလည်း အခုချိန်ထိ မတရား ညှင့်းပန်းနှိတ်စက် သတ်ဖြတ်နေတယ်။ ဒါတွေကို ကျွန်တော်တို့ တွေ့ရှိနေရတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ပြည်သူတွေက လွတ်လပ်မှု၊ နည်းလမ်းကျကျ လွတ်လပ်ခွင့်၊ စည်းကမ်းတရှိလွတ်လပ်ခွင့် ဒါမျိုးကိုတောင် ကျွန်တော်တို့ မခံစားရတာ မကြုံတွေ့ရတာတွေကြောင့် ဒီအတွက်ကြောင့်လည်း ကျွန်တော်တို့ ပြည်သူ့ရင်ခွင် ခိုလှုံဖို့ အတွက်ကို စေ့ဆော်မှု အားတရပ် ဖြစ်လာတာပါ” လို့ ဗိုလ်မှူး အောင်မျိုးသွင်က ပြောပါတယ်။
စစ်အုပ်စု လက်အောက်မှာ ဆက်လက် တာဝန်မထမ်းဆောင်လိုတော့တဲ့အတွက် စစ်ကြောင်းလိုက် ပြည်သူ့ရင်ခွင် ခိုလှုံလာတာ ဖြစ်ပြီး ဗိုလ်မှူး အောင်မျိုးသွင်က ဇန်နဝါရီ ၈ရက်မှာ CDF – ပလက်ဝ တပ်ရင်း(၁) ဒုတိယ တပ်ရင်းမှူးနဲ့ ချိတ်ဆက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
CDF – ပလက်ဝ သာမက ယောဒေသ ကာကွယ်ရေးတပ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖတွေနဲ့ပါ အချိတ်အဆက် ရပြီးနောက် အင်အား ၆၀ ကျော်ကို စစ်ကြောင်း နှစ်ကြောင်းခွဲကာ ပလက်ဝ CDF ထံ ပြည်သူ့ရင်ခွင်ကို ခိုလှုံခဲ့တာလို့ စစ်ကြောင်းလိုက် ပြည်သူ့ရင်ခွင် ခိုလှုံရာမှာ နောက်ထပ် ဦးဆောင်သူတစ်ဦး ဖြစ်တဲ့ ဗိုလ်မှူးအောင်ကိုထွေးကလည်း MFP ကို ပြောပါတယ်။
“ကျွန်တော်တို့က တပ်မတော်ကို စဝင်လာကတည်းက ပြည်ပရန်ကို တိုက်ထုတ်မယ်၊ ကိုယ့်နိုင်ငံကို ကာကွယ်မယ် ဆိုပြီးတော့ စိတ်နဲ့ ဝင်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာကျတော့ ကျွန်တော်တို့က လူတစုစာ ကောင်းစားရေး အတွက် ပြည်သူ့အာဏာကို မတရားရယူတယ်၊ ကိုယ့်ပြည်သူ လူထုကို ကာကွယ် စောင့်ရှေက်ရမယ့်အစား ညှင်းပန်းနှိပ်စက်နေတာတွေ မြင်ရကြားရတဲ့အချိန်မှာ ကျွန်တော်တို့ စိတ်ထဲမှာ ခံစားချက်တွေ ဖြစ်လာတဲ့အတွက် အဖွဲ့တွေ အားလုံးကလည်း ဗိုလ်မှူးရေ ဒါတော့ မဖြစ်သင့်ဘူး၊ ပြည်သူ့ရင်ခွင် ခိုလှုံမယ်၊ တိုင်ပင်တဲ့အချိန်မှာ အားလုံးက စိတ်တူကိုယ်တူနဲ့ ဖြစ်ခဲ့တဲ့အတွက် လမ်းကြောင်းတလျှောက်မှာ အခက်အခဲတွေတော့ ရှိတယ်။ ဒါပေမယ့် အဲဒီ အခက်အခဲတွေကို အောင်မြင်စွာ ဖြတ်ကျော် နိုင်ခဲ့တယ်” လို့ ဗိုလ်မှူး အောင်ကိုထွေးက ပြောပါတယ်။
ဗိုလ်မှူး အောင်မျိုးသွင်က ပထမ စစ်ကြောင်းဖြစ်တဲ့ အရာရှိ သုံးဦး၊ အခြားအဆင့် ၃၁ဦး၊ ရဲမေ တစ်ဦး၊ စုစုပေါင်း ၃၅ ဦးကို ဦးဆောင်ကာ ပထမစစ်ကြောင်း၊ ဗိုလ်မှူး အောင်ကိုထွေးက အရာရှိ သုံးဦး၊ အခြားအဆင့် ၂၃ဦး၊ စုစုပေါင်း ၂၆ဦးကို ဒုတိယစစ်ကြောင်းအဖြစ်၊ လက်နက်ခဲယမ်းတွေနဲ့အတူ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ပလက်ဝမြို့နယ်၊ အိမ်ပြာကုန်းစခန်းကနေ ဇန်နဝါရီ ၁၀ရက်က စတင်ထွက်ခွာခဲ့ပြီး ဇန်နဝါရီ တတိယပတ်မှာ CDF ပလက်ဝထံ ပြည်သူ့ရင်ခွင်ခိုလှုံနိုင်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလို အင်အား ၆၁ ဦး ပြည်သူ့ရင်ခွင်ခိုလှုံရာမှာ MA-1 သုံးလက်၊ MA-2 တစ်လက်၊ MA-3 ကိုးလက်၊ MA-5 ပစ္စတို ငါးလက်၊ ၅.၅၆ ကျည် ၁၇၇၇တောင့်၊ ၉မမ ပစ္စတိုကျည် ၁၀၈ တောင့်၊ MA-7 ဗုံးသီး ငါးလုံး၊ MA-10 ဗုံးသီး ၁၀လုံး၊ ၉မမ ကျည်အိမ် ၁၀ခု၊ ၅.၅၆ ကျည်အိမ် ၄၇ခု၊ နင်းမိုင်းအသေး နှစ်လုံး၊ လက်ပစ်ဗုံး ၈၄လုံး၊ ညကြည့်မှန်ပြောင်း တစ်ခု၊ HYT စကားပြောစက် နှစ်လုံး၊ TYT စကားပြောစက် တစ်လုံး၊ မြေပြင်ဝေဟင်စက် တစ်လုံး စတဲ့ လက်နက်ခဲယမ်းတွေကို အပါ ယူဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်မှူး အောင်မျိုးသွင်နဲ့ ဗိုလ်မှူးအောင်ကိုထွေးတို့ ဦးဆောင်တဲ့ အင်အား ၆၀ ကျော်ရှိ အဲဒီ စစ်ကြောင်းဟာ ပလက်ဝဒေသမှာ နယ်မြေထိန်း၊ စခန်းထိန်း အနေနဲ့သာ တာဝန်ယူခဲ့ရတာ ဖြစ်ပြီး လှုပ်ရှားစစ်ကြောင်း မဟုတ်ဘဲ ပြည်သူတွေကို ညှင်းပန်းနှိတ်စက် သတ်ဖြတ်တာတွေ လုံးဝ မလုပ်ခဲ့ဘူးလို့ ဗိုလ်မှူးတွေက ပြောပါတယ်။
“ပလက်ဝ ဒေသမှာ စစ်ဆင်ရေးတွေ ကျွန်တော်တို့ တာဝန်ထမ်းနေတဲ့ ကာလအတွင်းမှာတော့ တိုက်ပွဲ အခြေအနေ လုံးဝ မရှိပါဘူးခင်ဗျ။ တိုက်ပွဲဖြစ်ပွားခြင်း၊ ဖြစ်ပေါ်ခြင်း၊ တိုက်ခိုက်ရခြင်း မရှိပါဘူး။ ကျွန်တော် စစ်သက် ၂၀ ရှိပါပြီ။ စစ်သက် ၂၀ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလမှာလည်း ကျွန်တော်တို့က ပြည်သူနဲ့ ထိပ်တိုက် ရင်ဆိုင်တွေ့ခဲ့ရတဲ့ ဒီလိုမျိုး (လူသတ်၊ မီးရှို့) ဖြစ်စဉ်တွေ မရှိခဲ့ပါဘူးခင်ဗျ။ ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေသတွေကလည်း နယ်စပ်ဒေသတွေ တာဝန်ထမ်းဆောင်ရတာဖြစ်လို့ ပြည်သူလူထုတဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး ဒီလို ပစ်ရခတ်ရတာတွေ သတ်တာဖြတ်တာတွေ လုံးဝတွေ့ကြုံခြင်း၊ တွေ့ဖူးခြင်း မရှိပါဘူးခင်ဗျ။ ကျွန်တော် ပလက်ဝဒေသကို ဒု-တပ်ရင်းမှူးအနေနဲ့ ပြောင်းရွှေ့ရောက်ရှိတဲ့အချိန်က အေးချမ်းတဲ့ကာလ ဖြစ်တယ်။ အေးချမ်းတဲ့ ကာလမှာ ပြည်သူ့ရင်ခွင် ခိုလှုံဖို့အတွက်ကို စီစဉ်ပြီးဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ် ” လို့ ဗိုလ်မှူး အောင်မျိုးသွင်က ပြောပါတယ်။
ဗိုလ်မှူးအောင်မျိုးသွင်ဟာ ရခိုင်ပြည်နယ်၊ ကျောက်တောင်အခြေစိုက် စစ်အုပ်စု တပ်ရင်းကနေ ၂၀၂၃ မေလမှာ ပလက်ဝဒေကို နယ်မြေထိန်းသိမ်းရေး တာဝန်နဲ့ ပြောင်းရွေ့ တာဝန်ထမ်းဆောင်ခဲ့ရတာလို့ ဆိုပါတယ်။
“အာဏာ စသိမ်းကတည်းက ကျွန်တော်တို့က စစ်တပ် တာဝန်ထမ်းဆောင်နေတယ်။ ပလက်ဝ ဝန်းကျင်မှာ နယ်မြေ ထိန်းသိမ်းရေးအနေနဲ့ပဲ တာဝန် ထမ်းဆောင်နေတယ်။ ပြည်သူနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရတာ တကြိမ်မှ မရှိခဲ့ပါဘူး။ ကျွန်တော်ဆို စစ်တပ်မှာ ၁၈နှစ် ရှိပါပြီခင်ဗျ။ ငယ်ဘဝ တာဝန်ထမ်းဆောင်နေတာတွေကလည်း နယ်စပ်တွေမှာ စခန်းထိန်းတာဝန် ထမ်းဆောင်တယ်။ ပြီးတော့ လက်ရှိတပ် (ပလက်ဝ)ကို ရောက်လာပြီး ပြည်သူနဲ့ ထိပ်တိုက် တွေ့ကြုံခဲ့ရတာ လုံးဝ မရှိပါဘူး ။ တိုက်ပွဲနဲ့ ပတ်သတ်ရင် တိုက်ပွဲကြီးတွေမှာ ပါဝင် ပတ်သတ်ခြင်း လုံးဝ မရှိပါဘူးခင်ဗျာ “လို့ ဗိုလ်မှူး အောင်ကိုထွေး ကလည်း ပြောပါတယ်။
ဗိုလ်မှူး အောင်ကိုထွေးဟာ ရန်ကုန်မြို့ အခြေစိုက် စစ်အုပ်စု တပ်ရင်းတစ်ခုကနေ ပလက်ဝဒေသကို ပြောင်းရွေ့ တာဝန် ထမ်းဆောင်ခဲ့ရသူ ဖြစ်ပေမယ့် စစ်တပ်လုပ်သက် ၁၈နှစ်အတွင်း ယခု နွေဦးတော်လှန်ရေး ကာလအထိ တိုက်ပွဲကြီး၊ တိုက်ပွဲ ငယ်တွေမှာ ပါဝင်တိုက်ခိုက်ခဲ့ခြင်း မရှိဘူးလို့ သူက ပြောပါတယ်။
ပလက်ဝ ဒေသ တခုလုံးကို အာရက္ခတပ်တော် -AAက ၂၀၂၄ ဇန်နဝါရီ ၁၄ရက်မှာ အလုံးစုံ သိမ်းပိုက် နိုင်ခဲ့ပါတယ်။ ပလက်ဝဒေသဟာ စစ်အုပ်စု အုပ်ချုပ်ရေး ယန္တရားနဲ့ အာဏာစက် လုံးဝ ချုပ်ငြိမ်းသွားပြီ ဖြစ်တယ်လို့ AA က ဇန်နဝါရီ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။
နွေဦးတော်လှန်ရေးကာလ သုံးနှစ်ကျော်အတွင်း စစ်အုပ်စု လက်အောက်က ရုန်းထွက်ကာ CDM ပြုလုပ်သူ၊ အလင်းဝင် ပြည်သူ့ရင်ခွင် ခိုလှုံသူ စစ်အုပ်စု လက်နက်ကိုင် စစ်သားနဲ့ ရဲ သောင်းနဲ့ချီ ရှိပြီဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်အုပ်စု လက်အောက်မှာ တာဝန် မထမ်းဆောင်ချင်တဲ့အတွက် ပြည်သူ့ရင်ခွင်ခိုလှုံလာသူဟာ ၂၀၂၄ ဇွန်လအတွင်း ဗိုလ်မှူးတစ်ဦး အပါအဝင် တပ်သားနဲ့ရဲ ၄၃ ဦး၊ ဇူလိုင်လ အတွင်း အရာရှိအဆင့် ဗိုလ်မှူးနှစ်ဦး၊ ဗိုလ်ကြီးငါး ဦးနဲ့ ဗိုလ်တစ်ဦး အပါအဝင် စစ်အုပ်စု တပ်သား ၅၄ ဦး ရှိတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စု အင်အား ၆၀ ကျော်ကို ဦးဆောင်ပြီး လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တဲ့ ချင်ပြည် ပလက်ဝဒေသက ဗိုလ်မှူး အောင်မျိုးသွင်နဲ့ ဗိုလ်မှူးအောင်ကိုထွေး/Photo – ပေးပို့