ဒုတိယမြောက် တိုင်းစစ်ဌာနချုပ်တခု စစ်ကောင်စီလက်လွှတ်ရတော့မလား

by

in

ဒုတိယမြောက် တိုင်းစစ်ဌာနချုပ်တခု စစ်ကောင်စီလက်လွှတ်ရတော့မလား
ရွှေနွယ်

(မဇ္ဈိမ) ။ ။ AA တပ်များ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည့် အမ်းမြို့ စစ်ရေးအခြေအနေ သတင်းများသည် ယခုရက်ပိုင်းအတွင်း ပို၍စိတ်ဝင်စားစရာ ကောင်းလာနေသည်ဟု စစ်ရေးအကဲခတ်များက ပြောသည်။
စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် အာရက္ခတပ်တော် (AA) က စစ်ကောင်စီတပ်ရင်းများနှင့် တိုင်းစစ်ဌာနချုပ်တို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ မြို့တွင်းတိုက်ပွဲအချို့ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့သည် အဓိက တိုက်ခိုက်ရေး တပ်ရင်းအချို့ကိုတောင် AA ထံ လက်လွှတ်ထားရသည်။
“အမ်းမှာ မြို့ထဲထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်” ဟု အမ်းမြို့၏ ယနေ့ အောက်တိုဘာ (၃၁ ရက်) နံနက်ပိုင်းအခြေအနေကို သိရှိထားသည့် အမ်းမြို့ ဒေသခံ သတင်းရင်းမြစ်တဦးက ပြောသည်။
အမ်းမြို့တွင် စစ်ကောင်စီတပ်၏ ခမရ (၃၇၁)၊ (၃၇၂)၊ (၃၇၃)၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်၊ ဆေးတပ်၊ စစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ် (COD)၊ အမှတ် (၃၇၄) အမြောက်တပ်စခန်း၊စစ်မြေပြင် အင်ဂျင်နီယာတပ်( BE)၊ ဆောက်လုပ်ရေး အင်ဂျင်နီးယားတပ် (GE) စသဖြင့် တပ်ရင်း ၁၀ ရင်းကျော်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ တည်ရှိသည်။
အပြင်စည်းအဖြစ် နပခကို ကာရံထားသော ဗျူဟာကုန်းများအပြင် အတွင်းစည်း အဖြစ် သတ်မှတ်ထားသော အဓိက တိုက်ခိုက်ရေးတပ်ရင်းများဖြစ်သည့် ခြေမြန်တပ်ရင်း ခမရ (၃၇၃)၊ ခမရ (၃၇၂) တို့ကို AA က သိမ်းပိုက်ထားသည်။
ထို့ပြင် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)၊ ဆေးတပ်တို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တပ်ဆုတ်ပြီး တိုင်းစစ်ဌာနချုပ်နှင့် အခြားတပ်ရင်းများထံ သွားရောက်ပူးပေါင်းသွားပြီဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
အမ်းလေဆိပ်ကိုလည်း AA ဘက်က သိမ်းပိုက်ထားပြီဟု သိရသည်။ သို့သော် အဆိုပါ သတင်းများနှင့် ပတ်သက်ပြီး AA ဘက်က တရားဝင် အသိပေး ထုတ်ပြန်လာခြင်းမျိုးတော့ မရှိသေးပေ။
“အမ်းမှာ မြို့ထဲတိုက်ပွဲဖြစ်တယ်။ အချို့ ခမရတွေ လက်ရုံးတပ်တွေကိုလည်း AA ဘက်က သိမ်းပိုက်ထားပြီလို့ ကျွန်တော်တို့ မြေပြင်သတင်းအရလည်း သိရတယ်။ နပခ ကိုလည်း ဝိုင်းပြီးတော့တိုက်နေတယ်။ နပခ က ရေကြောင်းလည်း စစ်ကူမပေးနိုင်ဘူး။ ကြည်းတပ်ကလည်း မလာနိုင်ဘူး။ လေကြောင်းကပဲ သူတို့ လက်နက်တွေ၊ ရိက္ခာတွေပို့တာရှိတယ်” ဟု ရခိုင်နိုင်ငံရေး၊ စစ်ရေး စောင့်ကြည့်နေသူ ဦးဖေသန်းက ပြောသည်။
လက်ရှိမှာ နပခ နှင့်အနီးဆုံးတွင် တည်ရှိသော အမှတ် (၃၇၄) အမြောက်တပ်၊ စစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ် (COD) နှင့် စစ်မြေပြင်အင်ဂျင်နီယာတပ်(BE) တို့ကို AA က အပြင်းအထန် ထိုးစစ်ဆင်နေပြီး နပခတခုလုံးကို သိမ်းပိုက်ရန် ကြိုးပမ်းနေသည်။
“AA တပ်က အနီးကပ်ဆုံးနေရာကို ရောက်နေပြီဆိုတော့ သူတို့ (စကစ) လူတွေ လက်နက် ရိက္ခာတွေပို့တဲ့အခါ အပြင်စည်းကိုရောက်သွားရင်လည်း အန္တရာယ်ရှိတော့ ပို့လို့လည်းအဆင်မပြေတော့ဘူးပေါ့” ဟု ဦးဖေသန်းက ပြောသည်။
အမ်းမြို့တိုက်ပွဲတွင် စစ်ကောင်စီ၏ တပ်စခန်းများကို AA မှ သိမ်းပိုက်နေပြီး နပခ တိုင်းစစ်ဌာနချုပ်သည်လည်း မကြာမီကာလအတွင်း လက်လွှတ်ရတော့မည် အခြေအနေရှိကြောင်း အမ်းဒေသတိုက်ပွဲများကို စောင့်ကြည့်နေသည့် နောက်ထပ်သတင်းရင်းမြစ် တရပ်ကလည်း ပြောသည်။
“အမ်းကတော့ မကြာခင်ကျတော့မယ်ဆိုတဲ့ အခြေအနေကို ကြားသိရတယ်။ တိုက်ပွဲက မြို့ပေါ်မှာရောက်နေပြီ၊ စစ်ကောင်စီတပ်ရင်းတွေ တရင်းပြီးတရင်း ကျနေတယ် သိရတယ်။ စစ်ကောင်စီဘက်ကလည်း အဓိက စစ်ရေးအရ တိုက်ခိုက်နိုင်တယ်ဆိုတာထက် လေကြောင်းက ပစ်ခတ်နေတာပိုများတယ်။ အမ်းမှာ စစ်ကောင်စီခုခံနိုင်တဲ့အနေအထားမရှိတော့ဘူး၊ မကြာခင်မှာ ကျသွားနိုင်တယ်ဆိုတာကိုတော့ ပြောလို့ရတယ်” ဟု ၎င်းက ပြောသည်။
အမ်းမြို့၏ ယနေ့ (အောက်တိုဘာ ၃၁ ရက်) နောက်ဆုံးရ တိုက်ပွဲအခြေအနေ၊ စစ်ကောင်စီတပ်ရင်းများအား သိမ်းပိုက်နေမှုအခြေအနေများနှင့် ပတ်သက်၍ မေးမြန်းရန် အာရက္ခတပ်တော်ကို ဆက်သွယ်ခဲ့သော်လည်း အဆက်သွယ် မရခဲ့ပါ။
စစ်ကောင်စီတပ်၏ ဖွဲ့စည်းပုံအရ မြန်မာနိုင်ငံအဝှမ်းတွင် တိုင်းစစ်ဌာနချုပ် စုစုပေါင်း ၁၄ ခုရှိသည်။ ယင်းအနက် ယခု တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သည် ရခိုင်ဒေသတွင်းရှိ တခုတည်းသော တိုင်းစစ်ဌာနချုပ်လည်း ဖြစ်သည်။
စစ်ကောင်စီသည် ယခု ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကိုလည်း ကိုးကန့်တပ် MNDAA ထံ လက်လွှတ်ခဲ့ရပြီး ဖြစ်သည်။
ထို့ကြောင့် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုပါ လက်လွှတ်ရပါက ၂၀၂၄ ခုနှစ်အတွင်း ဒုတိယမြောက်လက်လွှတ်ရသည့် တိုင်းစစ်ဌာနချုပ် ဖြစ်လာမည်။
“နပခ လည်း ကျွန်တော် ထင်ပါတယ် ရက်ပိုင်းအတွင်းမှာ ကျသွားလောက်တယ်။ လက်နက်ချရင်ချ ဒါမှမဟုတ် တပ်ဆုတ်ပြေးရင်ပြေးပေါ့၊ အဲ့ဒီလိုအခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ယူဆတယ်” ဟု ဦးဖေသန်းက သုံးသပ် ပြောဆိုသည်။
နပခ ကျခဲ့ရင်တော့ အခြားတပ်ရင်းတပ်ဖွဲ့တွေလည်း လက်နက်ချဖို့ရာ သိပ်မခဲယဥ်းတော့ဘူး” ဟု ဦးဖေသန်းက ၎င်း၏အမြင်ကို ပြောသည်။
အကယ်၍ အမ်း နပခ ကျသွားပါက ရေကြောင်းစစ်ကူပေး၍ရသော ကျောက်ဖြူမြို့နှင့် စစ်တွေမြို့တို့၌လည်း တိုက်ပွဲများကူးစက်ဖြစ်ပွားလာနိုင်ကြောင်း စစ်ရေးစောင့်ကြည့်နေသူများက ပြောသည်။
ကျောက်ဖြူမြို့သည် တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုများတည်ရှိရာမြို့ဖြစ်သည့်အတွက် ကျောက်ဖြူသို့ တိုက်ပွဲကူးစက်လာမည်ဆိုပါက တရုတ်နိုင်ငံအနေဖြင့် ရခိုင်ဒေသတွင်း စစ်ရေးအသာစီးရနေသည့် အာရက္ခတပ်တော် (AA) ၏ စစ်ရေးနှင့် နိုင်ငံရေးရည်မှန်းချက်များအပေါ်သာ အားပေးကူညီသင့်ကြောင်း ဦးဖေသန်းက ပြောသည်။
“အာရက္ခတပ်တော်ကိုတော့ သူ(တရုတ်) ဘယ်လိုမှ ဖိအားပေးလို့ရမှာမဟုတ်ဘူး။ ဒီတပ်ကပဲ သူ့ရဲ့ စီမံကိန်းတွေကို စောင့်ရှောက်ရမယ့် အနေအထားမျိုးမှာရှိနေတယ်။ ဒါကြောင့် တရုတ်က စစ်ကောင်စီဘက်လိုက်လို့ စစ်ရေးဖိအားပေးမှုရှိရင်တောင် အာရက္ခတပ်တော်ကလည်းလက်ခံမှာမဟုတ်ဘူး။ တရုတ်ရဲ့ စီမံကိန်းတွေကို စောင့်ရှောက်ဖို့တောင် အာရက္ခတပ်တော်ကို အားကိုးရမယ့် သဘောရှိတယ်” ဟု ဦးဖေသန်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း မြို့နယ်ပေါင်း ၁၇ မြို့ရှိသည့်အနက် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ စသည့် မြို့ ၁၀ မြို့ကို AA ကသိမ်းပိုက်ထားပြီး ဖြစ်သည်။
လက်ရှိတွင် အမ်းမြို့နှင့်အတူ မောင်တော၊ တောင်ကုတ်၊ ဂွမြို့တို့၌လည်း နှစ်ဖက်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
စာတည်း။ ။ နောင်နောင်
#အမ်း
#နပခ
#စစ်ဌာနချုပ်
#AA
#Mizzima