စစ်ကောင်စီလက်အောက်ခံ ဇခုန်တန့်ယိန်း ဦးဆောင်သော ကချင်ပြည်နယ် အထူးဒေသ ၁ ၏ အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်
ရန်ကုန်၊ နိုဝင်ဘာ ၁
အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဇခုန်တန့်ယိန်း ဦးဆောင်သော က ချင် ပြည်နယ် အထူးဒေသ ၁ ၏ အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၃၀ ရက်နေ့ ညပိုင်းမှစတင်ပြီး ဖီမော်မြို့အနီးတွင် တည်ရှိနေသော အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းဌာနချုပ်ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေခြင်းဖြစ်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့ ညနေ ၆ နာရီ ၂၅ မိနစ်ဝန်းကျင်အချိန်တွင် အပြီး တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်သည် ဖီမော်မြို့ကို ကာကွယ်ထားသည့် မြို့စောင့်တပ်ဖြစ်ပြီး ဂမ်ခွင်းကျေးရွာတွင် တည်ရှိကြောင်း သိရှိရသည်။
KIA က အောက်တိုဘာလ ၁၄ ရက်နေ့ တွင် အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကိုလည်း ကောင်း ၊ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန် အမှတ်-၁၀၀၃ BGF ဌာနချုပ်စခန်းကုန်းကိုလည်းကောင်း သိမ်းပိုက်ရရှိခဲ့ကြောင်း၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် နောက်ဆုံး လက်ကျန်တပ်စခန်းဖြစ်သော အမှတ် ၁၀၁၁ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်း ပိုက် လိုက်ရာ လက်ရှိတွင် ဇခုန်တန့်ယိန်း၏ NDAK လက်အောက်ခံ BGF နယ်ခြားစောင့် တပ်ရင်းဌာနချုပ်တပ်စခန်းများအားလုံးကို KIA က ထိန်းချုပ် သိမ်းပိုက်လိုက်ပြီဖြစ်သည်။
KIA က ဇခုန်တန့်ယိန်း ထိန်းချုပ်ထားသော ချီဖွေမြို့ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင်လည်း ကောင်း၊ ဆော့လော်မြို့ကို စက်တင်ဘာလ ၃၀ ရက်နေ့တွင်လည်း ကောင်း ၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပန်ဝါမြို့ကိုလည်းကောင်း KIA နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် တရုတ်-မြန်မာနယ်စပ်မြို့ ဖီမော်မြို့နှင့် ကန်ပိုက်တီးမြို့တို့ကိုသာ သိမ်းပိုက်ရန် ကျန်ရှိတော့ကြောင်း သိရှိရသည်။
နောက်ဆုံးလက်ကျန် နယ်ခြားစောင့်တပ်(၁၀၀၁) ဌာနချုပ်ကို KIAသိမ်းပိုက်
ဟန်နွေ/People’s Spring
ကချင်ပြည်နယ် ချီဖွေမြို့နယ် ဖိမော်ဒေသ အခြေစိုက်စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) -၁၀၀၁ တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ အောက်တိုဘာ ၃၁ရက်တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။
စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁)နယ်မြေတွင် ဖီမော်ဒေသအခြေစိုက် BGF(၁၀၀၁) တပ်ရင်း၊ ပန်ဝါဒေသ အခြေစိုက် BGF (၁၀၀၂) တပ်ရင်း၊ ကန်ပိုက်တီ စင်ကြိုင်ဒေသ အခြေစိုက် BGF (၁၀၀၃)တပ်ရင်းများရှိရာ အဆိုပါ တပ်ရင်း သုံးခုစလုံး၏ တပ်ရင်းဌာနချုပ်များကို KIAက သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။
“(BGF ၁၀၀၁တပ်ရင်းဌာနချုပ်)သိမ်းပြီလို့တော့ သတင်းရရှိတယ်။ ကန်ပိုက်တီမှာတော့ (စကစ တပ်စခန်း)ကျန်တယ်။ ဖီမော် ကန့်ဖန့် ဘက်တော့ပြည်သူ့စစ်နဲ့ BGF စခန်းကျန်အုံးမယ်။ တပ်ရင်းဌာနချုပ်ကတော့ ကုန်ပြီ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အခြား သတင်းရင်းမြစ်တစ်ဦးကလည်း မြန်မာ -တရုတ်နယ်စပ် ဖီမော်ဒေသရှိ အမှတ် (၁၀၀၁) နယ်ခြားစောင့် တပ်ရင်းဌာနချုပ်စခန်းကို အောက်တိုဘာ ၃၁ရက် ညနေ ၆နာရီ ၂၀မိနစ်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု အသိပေးထားသည်။
အဆိုပါ တပ်ရင်းဌာနချုပ်သိမ်းပိုက်နိုင်မှု အခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
KIA အနေဖြင့် စက်တင်ဘာလကုန်ပိုင်းတွင် ကချင်အထူးဒေသ(၁)နယ်မြေရှိ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်သည့် စစ်ဆင်ရေးကို အရှိန်မြှင့်ဆောင်ရွက်ခဲ့ရာ ပန်ဝါ၊ ချီဖွေ၊ ဆော့လော်မြို့များနှင့် စစ်ကောင်စီ ဗျူဟာစခန်းများ၊ တပ်စခန်းများ၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်စခန်းများကို ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ယနေ့ သိမ်းပိုက်ရရှိခဲ့သည်ဆိုသော BGF (၁၀၀၁) တပ်ရင်းဌာနချုပ်မှ စစ်သုံ့ပန်းများ ရရှိမှု ရှိ၊မရှိ၊ ပြည်သူ့စစ်နှင့် BGFတပ်ဖွဲ့ဝင်များ KIA ထံ ပူးပေါင်းမှု ရှိ၊မရှိ၊ လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိမှု ရှိ၊မရှိ အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
KIAအနေဖြင့် မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တီမြို့ကို ဆက်လက်သိမ်းပိုက်နိုင်မည့် အခြေအနေ ရှိမရှိ ကချင်စစ်ရေးသတင်းရင်းမြစ်အား မေးမြန်းရာ “သူတို့ လက်နက်ချမှာပါ။ မချရင်တော့ သိမ်းမှာပဲ”ဟု ပြောသည်။
KIAသည် ဇွန်လအတွင်းကလည်း ဆဒုံးဒေသရှိ စစ်ကောင်စီ ဗျူဟာပါအဝင် စစ်ကောင်စီစခန်းများ၊ ပြည်သူ့စစ်နှင့် BGFစခန်းများ သိမ်းပိုက်ပြီး မြို့ကို အလုံးစုံသိမ်းပိုက်ခဲ့သည်။
(ကချင်ပြည်နယ်မြေပုံ နှင့် KIA ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ – CJ)