ခေါပုတ်တပ်စခန်းသိမ်းတိုက်ပွဲ လက်နက်အများအပြားရ၊ ထွက်ပြေးသွားသည့် စစ်သားအချို့ ပြန်လည်ဖမ်းဆီးရမိဟုဆို
ဟန်နွေ/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် အတွင်းရှိ စစ်ကောင်စီ၏ ခေါပုတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းအများအပြားရရှိခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။
အဆိုပါစခန်းကို လွန်ခဲ့သည့် သုံးရက်ခန့်ကတည်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၂၉ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ယနေ့နံနက်တွင် ပြောထားသည်။
အဆိုပါ ထွက်ပြေးသွားသူများအနက် ပြန်လည် ဖမ်းဆီးရရှိသူများလည်းရှိကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။
” ခေါပုတ်စခန်းကတော့ ကျနော်တို့ လူတွေ တက်သိမ်းပြီလေ။ သူတို့ အကုန်လုံးထွက်ပြေးပြီးတော့ တချို့တော့ ပြန်ဖမ်းမိတာပေါ့။ ပစ္စည်း (လက်နက်ခဲယမ်း)ရတာပေါ့။ အများကြီးပဲလေ။ သူ့အင်အားက အစတုန်းက ၂၀၀ နီးပါးလောက်ရှိမယ်။ ဒါပေမဲ့ အခုကတော့ ထွက်ပြေး၊ သေနဲ့ ၁၀၀ ကျော်ကျော် လောက်ပဲ ၁၂၀ အများဆုံးပဲ”ဟု KNU သတင်းရင်းမြစ်က ပြောသည်။
ဖာပွန်မြို့တွင် စစ်ကောင်စီတပ်စခန်းတစ်ခုပြီး တစ်ခုတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး လက်ကျန် စစ်ကောင်စီတပ်စခန်းများကိုလည်း KNLA ပူးပေါင်းတပ်က ဝိုင်းပတ်ပိတ်ဆို့ဖြတ်တောက်ထားသည်ဟု ဆိုသည်။
“အခု သူတို့ ဂဏာမငြိမ်တော့ဘူး။ သူတို့ပြန်ဆုတ်ဖို့ကလည်း ခွင့်တောင်းလို့လည်းမရတဲ့အခါ သူတို့ဘယ်လိုလုပ်မလဲ စောင့်ကြည့်ရမှာပေါ့။ အသေခံမလား အဖမ်းခံမလားပေါ့။ တကယ်လို့ အထက်အမိန့်ကို နာခံမယ်ဆို သူက အသေခံမယ်ပေါ့။ တကယ်လို့ အထက်အမိန့်ကို မနာခံရင်တော့ အဖမ်းခံပေါ့ အသက်ရှင်မယ်ပေါ့နော်” ဟု KNU သတင်းရင်းမြစ်က ပြောသည်။
ခေါပုတ်တပ်စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း KNUက ပြန်လည်ဖမ်းဆီးနိုင်မည့် အခြေအနေရှိသည်ဟု ပြောသည်။
” ပြေးတဲ့သူတွေက ကျနော်တို့ လူတွေဆီမှာပဲ ပြန်ဖမ်းမိတာပေါ့။ အခုက ပြေးမယ့်နေရာက ရှိမှ မရှိပဲ။ ဖာပွန်ပြန်လှည့်ဖို့ကလည်း ကြားမှာ ကျနော်တို့ လူတွေက နှစ်ထပ်သုံးထပ်ကာထားတာ ။ နောက်ပြီးတော့ ခရီးကလည်း ဝေးတယ်ဆိုတော့ သူပြန်လှည့်ဖို့ မလွယ်ဘူး”ဟု KNU သတင်းရင်းမြစ်က ပြောသည်။
KNLAပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ခေါပုတ်စခန်းသည် ဖာပွန်မြို့မြောက်ဘက် ကီလို ၂၀ခန့်အကွာ၌ ရှိသည်ဟု ဆိုသည်။
” စဖြစ်တာကတော့ သုံးလေးရက်လောက်ရှိပြီ။ မနေ့ကမှ ဒီစခန်းကနေပြီးတော့ ဟိုဘက်ကပေါ့ စစ်ကောင်စီဘက်က ထွက်ပြေးသွားတယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ သူတို့ ကောင်းကောင်းမွန်မွန် မရှင်းလင်းရသေးဘူးလို့ ပြောပြတယ်။ ဒီညနေကျမှ သူတို့ သတင်းအတိအကျပေးမယ်ပြောတယ်”ဟု ဗိုလ်မှူးကြီးစောကလယ်ဒိုက ယနေ့မနက်ပိုင်းတွင် ပြောထားသည်။
ယခု ခေါပုတ်စခန်းကျပါက KNU ဖာပွန်ခရိုင် အတွင်း၌ စစ်ကောင်စီဗျူဟာအပါအဝင် တပ်စခန်း ၁၀ခု ခန့်သာ ကျန်တော့မည်ဟုလည်း ၎င်းက အသိပေးသည်။
KNU တပ်မဟာ(၅) ပူးပေါင်းတပ်ဖွဲ့သည် ယခုနှစ် မတ်လကစ၍ ဖာပွန်မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ လက်ရှိတွင် မြို့နှင့် စစ်ကောင်စီတပ်ရင်းဌာနချုပ် အချို့ကိုသိမ်းပိုက် ထိန်းချုပ် ထားပြီး ဖာပွန်မြို့ရှိ စစ်ကောင်စီဗျူဟာအပါအဝင် စခန်းအနည်းငယ်သာ ကျန်တော့သည်။
(ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ခေါပုတ် စခန်းသိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – CJ)
တော်လှန်ရေးတပ်များက အောင်ဇေယျစစ်ကြောင်းအား ခံစစ်မှ တိုက်စစ်ပုံစံပြောင်းတိုက်
▪️အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းစခန်းတစ်ခုကို KNLAပူးပေါင်းတပ် သိမ်းပိုက်
ဒီးဒီ/People’s Spring.
ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်ရှိ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်း ရှေ့တန်းစခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် ခံစစ်အနေအထားမှ တိုက်စစ်ပုံစံပြောင်းလဲတိုက်ခိုက် နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။
အောက်တိုဘာ ၂၈ရက်တွင် ဒေါနတောင်ပေါ်ရှိ အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းစခန်းကို KNLAနှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းအများအပြားရရှိခဲ့ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အဆိုပါ စခန်းနေရာအား အောက်တိုဘာ ၂၈ရက်တွင်တိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၂၉ရက်တွင် နယ်မြေရှင်းလင်းခဲ့သည်ဟု ဆိုသည်။
“အောင်ဇေယျက တက်လာတဲ့အချိန်မှာ တိုးတာ။ အခုက KNUက ခံစစ်ကနေ တိုက်စစ်ပုံစံပြောင်းပြီး တိုက်တဲ့အနေအထားဖြစ်သွားပြီ။ စွယ်တော်ကုန်းက အင်အားလည်း အောင်ဇေယျဆီ အာရုံရောက်သွားပြီ။ အောင်ဇေယျက အရင်က ရင်ဆိုင်နေရတာထက် ခုက လေးငါးဆပိုများတဲ့ အင်အားနဲ့ ရင်ဆိုင်ရတော့မယ်။ ပွင့်လင်းရာသီလည်းရောက်ပြီဆိုတော့ ပွဲကကြည့်ကောင်းပြီ”ဟုကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အောက်တိုဘာ ၂၀ရက်ကလည်း အောင်ဇေယျစစ်ကြောင်းသည် လေကြောင်းပစ်ကူ အကူအညီသုံးပြီး အင်အားအများအပြားဖြင့် ရှေ့တိုးလာ၍ KNLA ပူးပေါင်းတပ်က တားဆီးတိုက်ခိုက်ရာ ပြန်လန်ကျသွားသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အောင်ဇေယျစစ်ကြောင်းသည် ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ပစ်ကူသုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း အထိနာပြီး အလောင်း ခုနစ်လောင်း ရခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် တော်လှန်ရေးတပ်များက အပိုင်းပိုင်းဖြတ်တောက်ပိတ်ဆို့ထား၍ အောင်ဇေယျစစ်ကြောင်းမှာ နောက်ပြန်ဆုတ်၍ မရတော့သည့် အခြေအနေမျိုးရောက်နေသည်ဟုလည်း ကရင်စစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။
အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းစခန်းတစ်ခု သိမ်းပိုက်စဉ် ရရှိသော လက်နက်ခဲယမ်းများကိုလည်း ကော်ဘရာပူးပေါင်းတပ်အချို့က အသိပေးထားသည်။
“မြဝတီကို သွားတဲ့လမ်းကို ခုထိ ရှာမတွေ့သေးတဲ့ အောင်ဇေယျလေးကို ဗိုလ်ဒါဘောရဲ့သားများက လမ်းပြပေးလို့တဲ့ကျေးဇူးပြန်ဆပ်တဲ့ လက်ဆောင်တွေ အများကြီးပဲ။ လမ်းတော့ လမ်းပဲ ငရဲကိုသွားတဲ့လမ်း”ဟု ကော်ဘရာစစ်ကြောင်း၏ တပ်ခွဲ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)က သိမ်းရသော လက်နက်ခဲယမ်းများဖြင့် အသိပေးထားသည်။
ပြီးခဲ့သည့်ဧပြီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် PDF ပူးပေါင်းတပ်များက မြဝတီမြို့ရှိ သင်္ဃန်းညီနောင်ဗျူဟာ၊ လေးကေ့ကော်နှင့် မြဝတီမြို့စောင့်တပ် ခမရ(၂၇၅)တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အဆိုပါနေရာများကို ပြန်လည်ထိန်းချုပ်မည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏ ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည့် နိုင်ငံတော်အဆင့် “အောင်ဇေယျစစ်ဆင်ရေး” ဟုအမည်ပေး၍ တပ်မ(၅၅)ဦးဆောင်သော အင်အား ၁၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၉ရက်မှစ၍ ဖားအံနှင့် မော်လမြိုင်ဘက်မှ ချီတက်လာခဲ့သည်။
လေးရက်ဖြင့် မြဝတီမြို့အရောက်ချီတက်မည်ဟု ကြွေးကြော်ခဲ့သော်လည်း ခုနစ်လကြာသည်အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်တွင် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေခြင်းဖြစ်သည်။
အောင်ဇေယျစစ်ကြောင်းအား လက်နက်ကြီးပစ်ကူပေးနေသော မြဝတီမြို့အနီးရှိ စွယ်တော်ကုန်းဗျူဟာအမြှောက်တပ်စခန်းကိုလည်း ကော်ဘရာပူးပေါင်းတပ်က အောက်တိုဘာ ၁၇ရက်တွင် သိမ်းပိုက်ခဲ့သည်။
ထို့အပြင် မြဝတီ – ဝေါ်လေလမ်းပိုင်း ဘလယ်ဒိုကျေးရွာရှိ စစ်ကောင်စီတပ်၏ ကာကင်းစခန်းသုံးခုအား ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည်။
အဆိုပါလမ်းပိုင်းရှိ စစ်ကောင်စီ၏ ကာကင်းစခန်းသုံးခုမှ စစ်ကောင်စီတပ်သားများမှာ စခန်းစွန့်ထွက်ပြေးသွား၍ ရှင်းလင်းသိမ်းပိုက်ခဲ့ကြောင်း VENOMစစ်ကြောင်းက အသိပေးထားသည်။
(အောင်ဇေယျစစ်ကြောင်းကို ဒေါနတောင်တွင် ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်နေသော ကောဘရာမှ ဗိုလ်ဒါဘောနှင့် အတူအောက်တိုဘာ ၂၈ရက်က အောင်ဇေယျစစ်ကြောင်းမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ – ၂)