တောင်သာမြို့ရဲစခန်းအပါအဝင် နေရာလေးခုတွင် တိုက်ပွဲဖြစ်နေ

by

in

တောင်သာမြို့ရဲစခန်းအပါအဝင် နေရာလေးခုတွင် တိုက်ပွဲဖြစ်နေ
အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့ရဲစခန်းအပါအဝင် နေရာ လေးခုတွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
ယနေ့(သြဂုတ် ၁၂ရက်) နံနက် ၅နာရီခန့်မှစတင်ကာ စစ်ကောင်စီတပ်သားများ တပ်စွဲထားသော တောင်သာမြို့ရဲစခန်း၊ အမှတ်(၁၀)အထည်ချုပ်စက်ရုံ(စွပ်ကျယ်စက်ရုံ)၊ တောင်သာ-မိတ္ထီလာလမ်းပိုင်းရှိ ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံအနီးနှင့် ဘုရားလှပျူစောထီးကျေးရွာတို့တွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
“မနက်အစောပိုင်းကတည်းက စဖြစ်တယ်။ ဘယ်သူမှလည်း မထွက်ရဲကြဘူး။”ဟု တောင်သာမြို့ပေါ် ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် တောင်သာမြို့အထွက် ဥယျာဥ်ရွာထိပ်
ရှိ နိုင်ငံပိုင် စွပ်ကျယ်စက်ရုံလည်း မီးလောင်ကျွမ်းနေကြောင်း ဒေသခံများက ပြောသည်။ တိုက်ပွဲဖြစ်ရာနေရာများကို မြင်းခြံမြို့ ခမရ(၁၅)တပ်မှလည်း လက်နက်ကြီးများပစ်ကူနေကြောင်း သိရသည်။
“အရပ်သားထိခိုက်မှုရှိတယ် ကြားတယ်။ လူနာသွားမကောက်ရဲကြဘူး။ မိုးရွာတော့ လေကြောင်းသိပ်မကူနိုင်လောက်ဘူး။ လေယာဥ်သံတော့ နှစ်ကြိမ်ကြားရတယ်။ခုမြေပြင် လှမ်းမေးတာကြားရပုံက နွားထိုးထက်တော့မနိမ့်ဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဘုရားလှပျူစောထီးကျေးရွာသို့ မြင်းခြံမြို့ဘက်မှ စစ်ကူအများအပြားရောက်ရှိနေပြီး ယမန်နေ့က နွားထိုးကြီးမြို့တိုက်ခိုက်ခံရပြီးနောက် တောင်သာမြို့ပေါ်မှ စစ်ကောင်စီဝန်ထမ်းအများအပြား ကြိုတင်ပြောင်းရွှေ့သွားကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီသည် ယမန်နေ့ည ၁၁နာရီခွဲခန့်ကလည်း မြို့နယ်အတွင်းရှိ လှည်းကူးမအုပ်စု ၊ ပြဿဒ်ကြီးကျေးရွာ ကမ်းပါးယံဘုန်းတော်ကြီးကျောင်းကို လေယာဥ်ဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ကျောင်းဆောင် ၃ ဆောင်ပျက်စီးခဲ့ကြောင်း လူထုလှုပ်ရှားမှု့ကော်မတီ (တောင်သာ)က အသိပေးထားသည်။
ယမန်နေ့(သြဂုတ် ၁ဝရက်) နံနက်ပိုင်းက စတင်ခဲ့သည့် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO) အဖြစ် နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့များတွင် စစ်ဆင်ရေးများပြုလုပ်ခဲ့ရာ နွားထိုးကြီးမြို့ပေါ်တိုက်ပွဲတွင် စစ်ကောင်စီ စခန်း၄ခုကိုအပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ် အများအပြားသေဆုံးကာ လက်နက်၂၇လက်နှင့် စစ်သုံ့ပန်း သုံးဦး ဖမ်းဆီးရမိခဲ့သည်။
အလားတူ ယမန်နေ့က တပြိုင်တည်းတိုက်ခိုက်သည့် တောင်သာမြို့နယ်၊ ဝဲလောင်ရွာဓာတ်အားခွဲရုံစခန်းတိုက်ခိုက်မှုအတွင်း စစ် ကောင်စီတပ် ၆ ဦး သေဆုံးပြီး ၅ ဦးပျောက်ဆုံးကာ သေနတ် ၃ လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။
စစ်ဆင်ရေးကာလအတွင်း မြင်းခြံ – နွားထိုးကြီးလမ်းပိုင်း နှင့် မြင်းခြံ -တောင်သာလမ်းပိုင်းများအား လတ်တလော ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် ပြည်သူများအား ဒေသကာ​ကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။
(မြင်းခြံခရိုင် တပ်ရင်း (၁)မှ PDF တပ်ဖွဲ့ဝင်များ။
ဓါတ်ပုံ- 27 RF)