လားရှိုး ရမခတိုင်းစစ်ဌာနချုပ် ကျဆုံးသွားပြီဖြစ်သော်လည်း မင်းအောင်လှိုင်က အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအသစ်အဖြစ် ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို ခန့်အပ်ပြီး စစ်အရာရှိကြီးအသစ်များ ထပ်မံခန့်အပ်သွေးသစ်လောင်းပြန်

by

in

လားရှိုး ရမခတိုင်းစစ်ဌာနချုပ် ကျဆုံးသွားပြီဖြစ်သော်လည်း မင်းအောင်လှိုင်က အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအသစ်အဖြစ် ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို ခန့်အပ်ပြီး စစ်အရာရှိကြီးအသစ်များ ထပ်မံခန့်အပ်သွေးသစ်လောင်းပြန်

ရန်ကုန်၊ ဩဂုတ် ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးသွားပြီဖြစ်သော်လည်း မင်းအောင်လှိုင်က တိုင်းမှူးအသစ်အဖြစ် ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို ခန့်အပ်ပြီး ရှမ်းမြောက်အတွက် စစ်အရာရှိကြီးအသစ်များ ထပ်မံခန့်အပ်လိုက်ကြောင်း စစ်တပ်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်သည် တပ်တွင်း လူရွေးပွဲများ ဆက်လက်လုပ်ဆောင်နေပြီး ယခင် လူဟောင်းများ နေရာတွင် လူသစ်များကို အစားထိုး ခန့်အပ်နေကြောင်း ၊ လတ်တလောတွင် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအသစ်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဩဂုတ်လ ၃ ရက်နေ့တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။

ထို့ပြင် စစ်ဦးစီးတက္ကသိုလ်ရှိ ဗိုလ်မှူးကြီး ဟိန်းထက်နောင်ကို အမှတ် ၁ စစ် ဆင် ရေးကွပ်ကဲမှုဌာနချုပ် (ကျောက်မဲ) ၏ စကခ မှူးအဖြစ် လည်းကောင်း၊ စစ်ဦးစီးတက္ကသိုလ်မှ ဗိုလ်မှူးကြီး ဇော်မင်းထက် ကို တမခ ၁၀၁ တပ်မမှူး အဖြစ် လည်းကောင်း ၊ စစ်ဦးစီးတက္ကသိုလ်မှ ဗိုလ်မှူးကြီး လင်းနိုင်စိုးကို အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဒုတိုင်းမှူးအဖြစ်လည်းကောင်း ခန့်အပ်ကြောင်း သိရှိရသည်။

အလားတူ ဗိုလ်မှူးကြီး ကျော်မျိုးထိုက် ကို အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှူ ဌာနချုပ် (ရေး) စကခမှူး အဖြစ်လည်းကောင်း၊ ဗိုလ်မှူးကြီး ကျော်စွာဝင်းကို မိုင်းပန် အမှတ် ၁၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကစမှူးအဖြစ်လည်း ကောင်း၊ ဗိုလ်မှူးကြီး ကျော်ထက်ကို တောင်ကုတ် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခမှူး၊ ဗိုလ်မှူးကြီး သန်းစိုးကို အင်းတိုင် တပ်မ ၁၁ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး အဖြစ် အသစ်ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“တပ်တွင်း အပြောင်းအရွေ့လုပ်တာပေါ့နော်။ အခုဆိုရင် စစ်တက္ကသိုလ်အပတ်စဉ် ၄၄ တောင်မှပဲ ဗိုလ်မှူးချုပ်တွေ ပေးနေပြီ။ အငယ်တွေနဲ့ အကြီးတွေကို အစားထိုးပြီးတော့ မျိုးဆက်သစ် တစ်ရပ် အစားထိုးတယ်လို့ ထင်တယ်။ ။ အာဏာမသိမ်းခင်က DSA ၄၄ တွေက ဒုတိယဗိုလ်မှူးကြီး အဆင့် တပ်ရင်းမှူးတွေလောက်ပဲ ရှိသေးတယ်။ အခု အာဏာသိမ်းပြီး ၃ နှစ်အကြာမှာ ဗိုလ်မှူးချုပ်ဖြစ်သွားပြီဆိုတော့ လုံးဝ သူ generation တစ်ဆက် ဟလိုက်တဲ့ သဘောပဲ လို့ ပြောလို့ရတယ်” CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က လူဟောင်းများကို အနားပေးကာ လူသစ်များနှင့် အစားထိုးနေခြင်းဖြစ်ရာ လက်ရှိ ခန့်အပ်လိုက်သူများသည် စစ်ကောင်ကောင်းတိုက်နိုင်သည့် အနေအထား မရှိကြောင်း၊ အပတ်စဉ် ၄၀ ကျော်သည့် အဖွဲ့များသည် ထင်ရာလုပ်သည့် အဖွဲ့များ ဖြစ်သည့်အတွက် ပို၍ ပေါက်ကရလုပ်မည့် အနေအထားမျိုး မြင်နေရကြောင်း၊ အနားပေးခံရသည့် လူဟောင်းများတွင် အလယ်ပိုင်းတိုင်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ် အောင်လွင်သည် လုံးဝရာထူး ပြုတ်ကာ စစ်ခုံရုံးတက်နေရ ကြောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင် ၏ သတင်းမှာလည်း သတင်း အစအန ပျောက်နေကြောင်း သိရှိရသည်။