မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ စစ်တပ်၏ လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

by

in

မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ စစ်တပ်၏ လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
ရန်ကုန်၊ အောက်တိုဘာ ၂၈

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီ -ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိကာ လက်နက် ၂ လက်နှင့်ခဲယမ်း များ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသက ယနေ့ သတင်းထုတ်ပြန်သည်။
ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့ ကော့ကရိတ် – မြဝတီ အာရှလမ်းမကြီးတွင် တော်လှန်ရေး တပ်ဖွဲ့ များက စိုးမိုးထားရာ အာရှလမ်းမကြီး၏ လမ်းပိုင်းများကို ပြန်လည်ထိန်းချုပ်ရန် စစ်ကူတက်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် KNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ကြေင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကာ MA1 အမျိုးအစား သေနတ် ၂ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ ၏ အောင်ဇေယျစစ် ကြောင်းမှာ သေဆုံးဒဏ်ရာရရှိမှုနှင့် လက်နက်ခဲယမ်းဆုံးရှုံးမှု များပြားသဖြင့် လက်နက်ကြီးပစ်ကူ၊ လေ ယာဉ်ပစ်ကူများ ဆက်တိုက်လုပ်‌ဆောင်နေကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ၊ စစ်ဒေသခွဲ အမှတ် ၃ ၊ ဗျူဟာ ၃၂ ကော်ဘရာစစ်ကြောင်း ၁ ၊ ကော်ဘရာ စစ်ကြောင်း ၂ ၊ ကျားသစ်နက်စစ်ကြောင်း ၊ ရောင်နီ(တောင်ပိုင်းဒရုန်းအထူးတပ်ဖွဲ့) ၊ Golden Eagle ဒရုန်းတပ်ဖွဲ့ နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၇ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ် ရာ ရရှိခဲ့ကြောင်း သိရသည်။
“စစ်တပ်ဘက်က ဒီလောက် အထိနာနေတာကိုလည်း စစ်ကြောင်းနဲ့တက်လာနေတာပဲ။ ကြည့်ရတာ အခုတက်လာတာက စစ်မှုထမ်း သင်တန်းဆင်းတွေ ဖြစ်ဖို့များတယ်။ အဲဒါတွေနဲ့အင်အားဖြည့်ပြီး ပြန်တက်လာတယ်လို့ ပြောရမယ်” ဟု တောင်ပိုင်းတိုင်းစစ်ဒေသမှ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဓာတ်ပုံ- တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်သော လက်နက်ခဲယမ်းသိမ်းဆည်းရရှိပုံနှင့် ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသော အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်သည့် ဓာတ်ပုံမှတ်တမ်းများ။