ပြင်ဦးလွင်၊ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရေချမ်းအိုးရပ်ကွက်ရှိ ပြည်သူပိုင် မြေဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းရန် ထပ်မံကြိုးပမ်းမှုအဖြစ် မီးကြိုးများ လာဖြုတ်ပြီး လူနေမရစေရန် စစ်ကောင်စီက လုပ်ဆောင်

by

in

ပြင်ဦးလွင်၊ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရေချမ်းအိုးရပ်ကွက်ရှိ ပြည်သူပိုင် မြေဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းရန် ထပ်မံကြိုးပမ်းမှုအဖြစ် မီးကြိုးများ လာဖြုတ်ပြီး လူနေမရစေရန် စစ်ကောင်စီက လုပ်ဆောင်
ရန်ကုန်၊ အောက်တိုဘာ ၂၆

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရပ်ကွက်ကြီး ၁၂ ရေ ချမ်း အိုးရပ်ကွက်ရှိ ပြည်သူ သုံးသောင်းကျော် နေထိုင်နေသော မြေဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းယူရန် ကြိုးပမ်းသည့်အနေဖြင့် ရပ်ကွက်အတွင်းရှိ လျှပ်စစ်မီးကြိုးများကို စစ်တပ်က လာရောက် ဖြုတ်သိမ်းသွားကြောင်း အဆိုပါ ရပ်ကွက်နေ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အောက်တိုဘာလ ၂၄ ရက်နေ့ ရေချမ်းအိုးရပ်ကွက်ရှိ မြေဧက ၂၀၀ ကျောကို တပ်ပိုင်မြေအဖြစ် သိမ်းယူရန် အကြမ်းဖက် စစ်တပ်က ယခင်ကလည်း မကြာခဏ ကြိုးပမ်းခဲ့ဖူးကြောင်း၊ ထို့ကြောင့် ပြည်သူများကို တရားမဝင်ကျူးကျော်နေထိုင်သူများဟု ပြောဆို ရွှေ့ပြောင်းခိုင်းခြင်း၊ စစ်တပ်က မြေ မတရားသိမ်းဆည်းရန် လုပ်ဆောင်နေကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရှိရသည်။
” စစ်တပ်ရော၊ လျှပ်စစ် EPC ယူနီဖောင်းနဲ့ လူ ၁၀ယောက်ခန့် hijetကား ၂ စီးနဲ့ မီးကြိုးတွေ လာဖြုတ်တယ်။ ပုံမှားရိုက်တာမဟုတ်ဘူး ပေါ်တင် လာဖြုတ်တာ။ မြေဧက၂၀၀ ထဲ လူမနေမှ သူတို့လိုချင်တဲ့ အခြေအနေကိုရောက်မှာ။ အဲကျရင် အထက်ကို လူမနေပါဘူး။ ခြံစည်းရိုးခတ်ရုံပဲရှိတာ။ အိမ်တွေက ဆောက်ထားတာလူမရှိဘူးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်နေတာ၊ ဒါမှ သိမ်းလို့ရမှာကိုး”ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အဆိုပါရပ်ကွက်အတွင်းရှိ မီးကြိုးများ ဖြုတ်ယူမှုအတွက် တိုင်ကြားခြင်းများ လုပ်ဆောင်မည်ဖြစ်ပြီး ထပ်မံ၍ မီးကြိုးများ ဖြုတ်ယူမည်ဆိုပါက မီးကြိုးသူခိုးများအဖြစ် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းဖမ်းဆီးမည်ဖြစ်ကြောင်း ၊ ရပ်ကွက် မီးရရှိရေးအတွက် ပြည်သူများက မီးကော်မတီဆီသို့ တစ်အိမ်လျှင် ၁၅ သိန်းမှ သိန်း ၂၀ အထိ အသီးသီး ထည့်ဝင်ထားကြခြင်း ဖြစ်ကြောင်း သိရှိရသည်။
ရေချမ်းအိုးရပ်ကွက်မြေနေရာကို ၂၀၀၀ ပြည့်နှစ်ကတည်းက တပ်မတော်အလုပ်ရုံတည် ဆောက်မည်ဟုဆိုကာ လျာထားမြေနေရာ သတ်မှတ်ခဲ့ပြီး မြေယာပိုင်ရှင် တောင်သူများနှင့် ညှိုနှိုင်းခဲ့ဖူးကြောင်း၊ စစ်တပ်၏ အလုပ်ရုံစီမံကိန်းအတွက် မြေပိုင်ရှင် တောင်သူအများစုက လက်မှတ်မထိုးခဲ့ကြ၍ စီမံကိန်းရပ်ဆိုင်းခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် တောင်သူများမှ အလုပ်ရုံလျာထားမြေနေရာသာ ဖြစ်ပြီး တပ်ပိုင်မြေ မဟုတ်ကြောင်း အဆင့်ဆင့် စာတင်ခဲ့သဖြင့် တပ်မြေမဟုတ်သည်မှာ ပေါ်လွင်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။
ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရပ်ကွက်ကြီး ၁၂ ရေချမ်းအိုးရပ်ကွက်အတွင်း မြေဧက ၂၀၀ ဒသမ ၁၄ ပေါ်ရှိ အိမ် ထောင်စု‎ပေါင်း ၁၀၀၀ ခန့်နေထိုင်သည့် မြေနေရာကို တပ်ပိုင်မြေဟု နာမည်တပ်ကာ အကြမ်းဖက်စစ်တပ်က ဆက်တိုက်သိမ်းယူနေရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အဆိုပါ မြေနေရာတွင် အိမ်ထောင်စုပေါင်း ၁၀၀၀ ခန့် လူဦး ရေ ၃၀၀၀၀ ဝန်းကျင်နေထိုင်ခဲ့ကြကြောင်း သိရှိရသည်။
ရေချမ်းအိုးရပ်ကွက် မြေနေရာကို တပ်ပိုင်မြေဟူ၍ သမုတ်၍ သိမ်းဆည်းရန် ညွှန်ကြားသည့် စစ်တပ်၏ လျှို့ဝှက်စာတစ်ခုတွင် ဒုတိယဗိုလ်မှူးကြီး သိန်းနိုင်ထွန်း၊ ဗိုလ်မှူး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး သိန်းသန်းဇော် တို့ကို တရားမဝင်မြေသိမ်းရန်အတွက် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်၊ အတွင်းရေးမှူးများအဖြစ် စစ်တပ်က ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ယခုနှစ် ဧပြီလ ၆ ရက်နေ့တွင် စစ်တပ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ထွေ/အုပ် စာရေးများနှင့်အတူ ပြည်သူများကိုအကြောင်းတစ်စုံတစ်ရာမပေးဘဲ ရေချမ်းအိုးရပ်ကွက်အတွင်းရှိ နေအိမ်များကို ဘူဒိုဇာဖြင့် လာရောက် ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် ဩဂုတ်လ ၃ ရက်‌နေ့ နံနက်ပိုင်း ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရပ် ကွက်ကြီး ၁၂ ရေချမ်းအိုးရပ်ကွက်အတွင်း မြေဧက ၂၀၀ ဒသမ ၁၄ ပေါ်ရှိ အိမ်ထောင်စု‎ပေါင်း ၁၀၀၀ ခန့်နေထိုင်သည့် မြေနေရာကို တပ်ပိုင်မြေဟု နာမည်တပ်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအောင်ငွေနှင့်စစ်တပ်က ထပ်မံဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။