မြင်းခြံမြို့နယ်တွင် ပျူစောထီးများကဓားပြတိုက်ရာ ကုန်စုံဆိုင်ပိုင်ရှင်သတ်ပြီး လက်ဝတ်ရတနာများယူသွား

by

in

မြင်းခြံမြို့နယ်တွင် ပျူစောထီးများကဓားပြတိုက်ရာ ကုန်စုံဆိုင်ပိုင်ရှင်သတ်ပြီး လက်ဝတ်ရတနာများယူသွား
ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကူကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက ကုန်စုံဆိုင်အား ဓားပြဝင်တိုက်ရာ ဆိုင်ရှင်အမျိုးသမီးအား သတ်ဖြတ်ကာ လက်ဝတ်ရတနာများ ယူဆောင်သွားကြောင်း သတင်းရရှိသည်။
ယမန်နေ့(အောက်တိုဘာ ၂၄ရက်) နံနက် ၅နာရီခွဲခန့်က မြင်းခြံမြို့နယ်၊ ကူရွာကျေးရွာနေ (၅၅)နှစ်အရွယ် ဒေါ်ပြုံးကြည်အိမ်သို့ ဆိုင်ကယ် သုံးစီးဖြင့် မြင်းခြံမြို့ပေါ်မှ လက်နက်ကိုင်ပျူစောထီး ၆ဦး ရောက်ရှိလာပြီး အနုကြမ်းစီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ပျူစောထီးများက ဒေါ်ပြုံးကြည်အား သေနတ်ဖြင့်ပစ်ခတ်ရာ သေဆုံးသွားပြီး ၎င်း၏ လက်ဝတ်ရတနာများအား ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
“နှစ်ချက်လား သုံးချက်လားမသိဘူးပစ်သွားတာ။ လူသေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ ယူဆောင်သွားသည့် လက်ဝတ်ရတနာတန်ဖိုး အတိအကျ မသိရသေးပေ။
စစ်ကောင်စီကမူ PDF များက လုပ်သယောင်သတင်းလွှင့်နေပြီး ရုပ်အလောင်းအား လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။
သီတာယုမွန်ခေါင်းဆောင်သော ပျူစောထီးများသည် မြင်းခြံ-မန္တလေးလမ်းပိုင်း၌ ခရီးသွားယာဥ်များကိုလည်း မကြာခဏဖမ်း​​ဆီးခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းများ ပြုလုပ်နေသည်။
(မြင်းခြံမြို့နယ်ရှိ ပျူခေါင်းဆောင် သီတာယုမွန်ဦးဆောင်သော ပျူစောထီးများ။ ဓာတ်ပုံ – စစ်အုပ်စု)