ဝက်သားကို ဈေးကြီးရောင်းသည်ဟု ပြောသည့် အုပ်ချုပ်ရေးမှူးကို ကြံ့ခိုင်ရေးပါတီဝင် ဝက်သားသည် က ဓားနှင့်ထိုးသတ်

by

in

ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၂ ရက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ် ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် မှော်ဘီမြို့နယ် အထယု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထိန်လင်းသည် ဘီယာသောက်ရင်း ဝက်သားရောင်းသူ ကိုဇော်မင်းထွန်း ဆိုသူနှင့် စကားများရာမှ ဓားဖြင့်ထိုးသတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူး ဦးထိန်းလင်းသည် ကျေးရွာထိပ်ရှိကုန်စုံဆိုင်တွင် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကြံ့ခိုင်ရေး ပါတီဝင်အချို့နှင့် ဘီယာသောက်နေစဉ် ဝက်သားတစ်ပိဿာ ကျပ်နှစ်သောင်းခွဲ (၂၅၀၀၀) ဖြင့် ရောင်းသည့် ကိစ္စပြောဆိုခြင်းကြောင့် ဓားဖြင့်ငါးချက်ထက်မနည်း ထိုးသတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများ ထံက သိရသည်။

“အုပ်ချုပ်ရေးမှူးက ဘီယာသောက်နေရင်း ဝက်သား ရောင်းတဲ့ဇော်မင်းထွန်းကိုခေါ်ပြီး ဝက်သား တစ်ပိဿာ နှစ်သောင်းခွဲနဲ့ ရောင်းတဲ့ကိစ္စပြောပြီး မင်းတို့ထိန်တောမိုးညိုသားတွေက ဦးစားပေးလို့ ကိုမရဘူး။ လူမိုက်တွေ” ဟု ဦးထိန်လင်းကပြောဆိုခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

ထို့ကြောင့် ကိုဇော်မင်းထွန်းဆိုသူက စိတ်ဆိုးပြီး ဓားဖြင့်ထိုးရာ ဦးထိန်လင်းတွင် မျက်လုံးအောက်၊ လည်ပင်း၊ ရင်အုံ၊ နံစောင်း၊ ခါးတို့တွင် ထိုးသွင်းဒဏ်ရာများရရှိပြီး လှည်းကူးဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အုပ်ချုပ်ရေးမှူးကို ဓားဖြင့်ထိုးသတ်သူ ဝက်သားသည် ကိုဇော်မင်းထွန်းသည် ကြံ့ခိုင်ရေးပါတီဝင် တစ်ဦးဖြစ်ပြီး အတူတူဘီယာထိုင်သောက်နေစဉ် ဝက်သားရောင်းသည့်ကိစ္စပြောဆိုရာမှ ဓားဖြင့် ထိုးသတ်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တရားခံဖြစ်သူကိုဇော်မင်းထွန်းမှာ ထွက်ပြေးတိမ်းရှောင်နေပြီး ဖမ်းဆီးရမိခြင်းမရှိသေး ကြောင်း သိရသည်။

#ရန်ကုန် #မှော်ဘီ #အုပ်ချုပ်ရေးမှူး #ကြံ့ခိုင်ရေးပါတီဝင် #ဝက်သားသည် #ဓားဖြင့်ထိုးသတ်
#Ayeyarwaddy_Times

Continue Reading