စစ်ကောင်စီက စစ်မှုထမ်းရန် လူငယ် ၂၀၀၀၀ ကျော်ကို စုဆောင်း၍ တပ်သားသစ်ရရှိရေး ပုံစံ ၃ မျိုးဖြင့် လုပ်ဆောင်နေ

by

in

စစ်ကောင်စီက စစ်မှုထမ်းရန် လူငယ် ၂၀၀၀၀ ကျော်ကို စုဆောင်း၍ တပ်သားသစ်ရရှိရေး ပုံစံ ၃ မျိုးဖြင့် လုပ်ဆောင်နေ
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၃ ရက်

စစ်ကောင်စီက ၎င်းတို့အတွက် စစ်မှုထမ်းရန် လူငယ်အမျိုးသား နှစ်သောင်းကျော်ကို စုဆောင်းထားပြီး တပ်သားသစ် ရရှိရေးအား ပုံစံသုံးမျိုးဖြင့် လုပ်ဆောင်နေကြောင်း မြန်မာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ထံက သိရသည်။
အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံ ရှုံးနိမ့်လာသော စစ်ကောင်စီက ၎င်းတို့၏ တပ်အင်အား ပြုန်းတီးလာသည့်အတွက် စစ်မှုထမ်း ဥပဒေကို အသက်သွင်းခဲ့ပြီး လူငယ်များကို စုဆောင်းခဲ့ရာ လက်ရှိတွင် အမှတ်စဉ် ၆ အထိ ရောက်ရှိနေကြောင်း သိရသည်။
အဆိုပါဥပဒေဖြင့် တပ်သားသစ်စုဆောင်းမှုသည် အပတ်စဉ် တစ် မှ ငါးအထိ စုစုပေါင်းအင်အား ၂၁၀၀၀ ထက်မနည်း တွေ့ရှိရပြီး အပတ်စဉ် တစ်ခုအတွက် လူငယ် ၄၀၀၀ ကျော် ပုံမှန်စုဆောင်းခဲ့ကြောင်း BACS ပြောခွင့်ရ ကိုမင်းထက်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
“အရင်ထက်ပိုပြီး အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာမျိုးတွေ ပိုလုပ်လာတယ်။ ဒါပေမယ့် ဒီလိုဖမ်းဆီး ခေါ်ဆောင်တာတွေကို လူမြင်ကွင်းမှာ အထိတ်တလန့်ဖြစ်အောင်၊ သတင်းမီဒီယာတွမှာ သတင်းပျံ့လာအောင် မလုပ်တော့ဘဲ ပိုသတိထားပြီး သိုသိုသိပ်သိပ် လုပ်လာတယ်” ဟု ၎င်းက ဆိုသည်။
ထိုမှသာ ထွက်ပြေးတိမ်းရှောင်သူများ နည်းလာမည်ဖြစ်၍ ယင်းနည်းလမ်းကို အဓိကထား သုံးလာသလို ၎င်းတို့ ထိန်းချုပ်ထားနိုင်သော ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့မှ လူငယ်များအား စုဆောင်းပြီး ရှမ်းပြည်နယ်ရှိ သင်တန်းကျောင်းများသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် စစ်ကောင်စီက စစ်မှုထမ်းရန်အတွက် တပ်သားသစ်စုဆောင်းရာတွင် ငွေကြေးဖြင့် ဌားရမ်းကာ လူစားထိုးခြင်း၊ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ကိုယ်တိုင်ဆန္ဒပြု ဝင်ရောက်ခြင်း စသည့်အခြေအနေ သုံးမျိုးအား တွေ့ရှိရကြောင်း BACS ၏ အစီရင်ခံစာအရ သိရသည်။
အဆိုပါ တပ်သားသစ် စုဆောင်းမှု သုံးမျိုးအနက် စစ်ကောင်စီသည် ငွေကြေးဖြင့် ဌားရမ်းကာ လူစားထိုးခြင်းနှင့် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းတို့ကို အများဆုံး လုပ်ဆောင်ခဲ့သလို ကိုယ်တိုင်ဆန္ဒပြု ဝင်ရောက်သူအချို့ ရှိခဲ့သော်လည်း အရေအတွက် နည်းပါးကြောင်း သိရသည်။
လက်တလော ထွက်ပေါ်နေသော သတင်းများအရ စစ်ကောင်စီက အပတ်စဉ် တစ်ခုအတွက် တပ်သားသစ် တစ်သောင်းနီးပါး ရရှိစေရန် လုပ်ဆောင်နေသည်ဟု သိရသော်လည်း ထိုအရေအတွက်မှာ လက်ရှိအခြေအနေအရ မလွယ်ကူနိုင်ကြောင်း BACS ပြောခွင့်ရ ကိုမင်းထက်အောင်က ပြောသည်။
“သူတို့ သင်တန်းကျောင်းတွေ အနေအထားအရကော၊ စုဆောင်းနိုင်စွမ်းအရပါ အပတ်စဉ် တစ်ခုကို တစ်သောင်းထိရအောင် စုဆောင်းဖို့ကတော့ မဖြစ်နိုင်ဘူးလို့ ယူဆရပါတယ်” ဟု ၎င်းက ဆက်လက်သုံးသပ် ထောက်ပြသည်။
လက်ရှိတွင် စစ်ကောင်စီသည် စစ်မှုထမ်း ဥပဒေဖြင့် အပတ်စဉ်အလိုက် ၎င်းတို့ စုဆောင်းထားသော လူငယ်အမျိုးသား တပ်သားသစ်များကို ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်ရာတွင် ထိခိုက်သေဆုံးမှုများနှင့် ထွက်ပြေးမှုများရှိနေကြောင်း သတင်းများအရ သိရသည်။
ဓာတ်ပုံ- စစ်ကောင်စီ
ပုံစာ- စစ်မှုထမ်း အမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ် အသီးသီးတွင် ကျင်းပပြုလုပ်ပုံ