ဘုတလင်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား၊ စစ်တပ်က ကျေးရွာ ၅ ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၅၀၀ ကျော်ပြာကျ

by

in

ဘုတလင်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား၊ စစ်တပ်က ကျေးရွာ ၅ ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၅၀၀ ကျော်ပြာကျ
ရန်ကုန်၊ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကာ ကျေးရွာ ၅ ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၅၀၀ ကျော်ပြာကျခဲ့ကြောင်း စီပါကျေးရွာ ပကဖ တာဝန်ခံ ကိုမိုးသောက်က ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။
အောက်တိုဘာလ ၁၁ ရက်နေ့မှ စတင်၍ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဘုတလင်မြို့ပေါ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ကလေးငယ်များ အပါအဝင် မိသားစုဝင် ၆ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြောက်ကျီရွာကို ထပ်မံ ဝင်ရောက် စီးနင်းပြီး ပြည်သူ ၇ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ အောက်တိုဘာ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တွင် စီပါရွာနှင့် ဆယ်ဝရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူ ၈ ဦးကို သတ်ဖြတ်ခဲ့ပြီး စုစုပေါင်း ပြည်သူ ၂၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် မှ စစ်ကြောင်း ထိုး ထွက်လာသည့် နေ့မှစ၍ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ အရပ်သား ပြည်သူ ၅၀ ကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပြီး လက်ရှိချိန်ထိ ဖမ်းဆီးထားကြောင်း သိရှိရသည်။
အဆိုပါ စစ်ကြောင်းသည် ကျောက်အိုးရွာ ၊ စီပါရွာ ၊ ကျွဲသေချောင်းရွာ၊ ဆယ်ဝရွာနှင့် စိုင်ပြင်လေးရွာရှိ ပြည်သူပိုင်နေအိမ် ၅၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကလည်း မွှေနှောက်ယူဆောင်လျက်ရှိကြောင်း သိရသည်။
“စစ်ခွေးတွေ သတ်ဖြတ်သွားတာ အားလုံးပေါင်း ပြည်သူ ၂၁ ဦးထိရှိသွားပြီ အခုထိ စစ်ခွေး စစ်ကြောင်းက စိုင်ပြင်လေးမှာပဲရှိသေးတယ်။ ဘယ်ကိုမှ မထွက်သေးဘူး။ ဒီနေ့ မွန်းလွဲပိုင်းကလည်း မီးရှို့နေတယ်လို့ သတင်းရတယ်။ ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၁၀ ဦး အခြေအနေတော့ ဘာမှထပ်မကြားရသေးဘူး။ စိုင်ပြင်လေးရွာက အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ရွာဖြစ်တာကို သူတို့ရှို့နေတာ ၄ ကြိမ်လောက်ရှိပြီး မီးလောင်ပျက်စီးမှုများနိုင်တယ်။ အခုချိန်ထိ ဆိုရင် ခွေး စစ်ကြောင်းက ကျောက်အိုး၊ စီပါ ၊ ကျွဲသေချောင်း၊ ဆယ်ဝနဲ့ စိုင်ပြင်လေး ရွာတွေကို မီးရှို့ဖျက်ဆီးထားပြီ နေအိမ် ပျက်စီးမှု ၅၀၀ ကျော်ရှိတယ်။ အရေအတွက် အတိအကျကတော့ စိစစ်နေတုန်းပဲ အဲခွေး စစ်ကြောင်းက ပြည်သူ ၅၀ ကျော်ကိုလည်း လူသားဒိုင်းအဖြစ်ဖမ်းထားတယ်။ နမခ က ထွက်လာထဲက စစ်ကြောင်းတစ်လျောက် ရွာပေါင်းစုံက ပြည်သူတွေကို ဖမ်းဆီးခဲ့တာ အမျိုးသမီးတွေပါပါတယ်။ စီပါရွာမှာတပ်စွဲတုန်းကဆိုရင် သူတို့ တပ်စွဲခဲ့တဲ့ စာသင်ကျောင်းထဲမှာ အမျိုးသမီးတွေရဲ့ အင်္ကျီ အဝတ်အစားတွေ ထမီတွေ အဲလိုတွေပါ တွေ့ရှိရတယ်။ စစ်ခွေး အင်အားကလည်း ၁၀၀ ကျော်တယ်။ သူတို့ အန္တရာယ်ရှိမယ်လို့ ထင်တဲ့ နေရာတွေမှာ ပြည်သူတွေကို ရှေ့က သွားခိုင်းပြီး သေနတ်တွေနဲ့ ချိန်ထားတာတွေလည်း လုပ်ဆောင်တယ်” ဟု စီပါကျေးရွာ ပကဖ တာဝန်ခံ ကိုမိုးသောက်က ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။
ယင်းစစ်ကြောင်းသည် လက်ရှိချိန်ထိ စိုင်ပြင်လေး ရွာ၌ တပ်စွဲထားပြီး ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းကလည်း ကျေးရွာထဲရှိ ပြည်သူပိုင်နေအိမ်များ ထပ်မံမီးရှို့နေကြောင်း စီပါကျေးရွာ ပကဖ တာဝန်ခံ ကိုမိုးသောက်က ဆက်လက် ပြောဆိုသည်။