တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု လေတပ်ဘက်မှ ၄ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိ၊ ရဟတ်ယာဉ် ၁ စီးနှင့် Y12 လေယာဉ် ၁ စီး ပျက်စီးဟုဆို

by

in

တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု လေတပ်ဘက်မှ ၄ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိ၊ ရဟတ်ယာဉ် ၁ စီးနှင့် Y12 လေယာဉ် ၁ စီး ပျက်စီးဟုဆို
ရန်ကုန်၊ အောက်တိုဘာ ၂၁
ပဲခူးတိုင်း၊ တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ရာ လေတပ်ဘက်မှ စစ်သည် ၄ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကြောင်း၊ ရှော့တိုက်ဒုံးသည် လေယာဉ် သိုလှောင်ရုံသို့ ကျရောက်ပေါက်ကွဲပြီး ရဟတ်ယာဉ် ၁ စီးနှင့် Y12 လေယာဉ် ၁ စီးပျက်စီးကြောင်း Brave Warriors for Myanmar-BWMမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၀ ရက်နေ့ ည ၈ နာရီ ၂၃ မိနစ်ခန့်အချိန် အကြမ်းဖက် စစ်တပ်၏ တောင်ငူမြို့ရှိ တောင်ငူလေတပ်စခန်း အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၂ လုံး ကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း၊ ပစ်ခတ်လိုက်သော ရှော့ဒုံး ၂ လုံးထဲမှ တစ်လုံးမှာ မော်တော်ယာဥ်ဂိုဒေါင်ပေါ်သို့ကျပြီး နောက်တစ်လုံးမှာ လေယာဥ်သိုလှောင်ရုံပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပစ်ခတ်မှု ဖြစ်ပြီးနောက် မကြာခင် အရေးပေါ်လူနာတင်ကား ၃ စီး လေတပ်ထဲသို့ ဝင်ရောက်သွားပြီး လူနာများကိုသယ်ယူသွားခဲ့ကြောင်း၊ လေတပ်အရာရှိ ၂ ဦးနှင့် အခြားအဆင့်စစ်သည် ၆ ဦးဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း၊ အခြားအဆင့်စစ်သည် ၄ ဦးသေဆုံး ခဲ့ကြောင်းသိရှိရသည်။​
လေယာဉ်သိုလှောင်ရုံကို ရှော့တိုက်ဒုံး ထိမှန်သဖြင့် လေယဥ်ထိခိုက်ပျက်စီးမှုအနေဖြင့် ရဟတ်ယဥ် ၁ စီး၏ ဒလက်နှင့်မှန်ကွဲပြီး နောက်အမြီးပိုင်းမှာသုံးမရတော့လောက်အောင်ပျက်စီးခဲ့ကြောင်း၊ ဗုံးကျဲ Y-12 လေယာဉ် ၁ စင်း သုံးမရတော့လောက်အောင်​ ​ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
“ပစ်ခတ်မှုဖြစ်ပြီးနောက်မှာ ခွေးကား ၅ စီးနဲ့ ရှော့တိုက်ဒုံးနဲ့ ပစ်တယ်လို့ သူတို့ထင်တဲ့နေရာတွေကို ပတ်ရှာပါတယ်။ အဖမ်းအဆီးသတင်းတော့မကြားရသေးပါဘူး။ ကျနော်တို့ရဲဘော်တွေ ဘေးကင်းပါတယ်။ မြေပြင်မှာ ကဏ္ဍအသီးသီးကနေပူးပေါင်းပါဝင်ပေးခဲ့တဲ့ မဟာမိတ်အဖွဲ့များအားလုံးကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်” ဟု Brave Warriors for Myanmar-BWMမှ တာဝန်ရှိသူက ဆိုသည်။
ဓာတ်ပုံ- မုံရွာအခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ လေတပ်စခန်းဝင်း ။ (ပုံအဟောင်းဖြစ်ပါသည်။)

တောင်ငူလေတပ်စခန်းကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်
▪️စစ်ကောင်စီဘက်မှ ၄ဦးသေဆုံးပြီး ၈ဦးဒဏ်ရာရဟု BWM ပြော
သတိုး/ People’s Spring
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသော တောင်ငူလေတပ်စခန်းကို ‌၁၀၇ မမ ရှော့တိုက်ဒုန်း သုံးလုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့‌ဝင် လေးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိကြောင်း Brave Warriors for Myanmar -BWM အဖွဲ့မှ တာဝန်ရှိသူကပြောသည်။
“ပစ်ခတ်ပြီးနောက် မကြာခင်အရေးပေါ်လူတင်ကား ၃ စီးလေတပ်ထဲဝင်သွားပြီး လူနာများကိုသယ်ယူသွားခဲ့ကြောင်း၊ လေတပ်အရာရှိ(၂) ဦးနှင့် အခြားအဆင့်စစ်သည်(၆)ဦးဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း၊ အခြားအဆင့်စစ်သည်(၄)ဦး သေဆုံး ခဲ့ကြောင်းစုံစမ်းသိရှိရပါသည်။ “ဟု BWMအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာ ၂၀ရက် ည ၈ နာရီခွဲခန့်တွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်မှုဖြင့် NSA31 မြို့ပြပြောက်ကျားအဖွဲ့ နှင့် စစ်တောင်းမြစ်ဝှမ်း ရေတာရှည် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၀၇ မမ ရှော့တိုက်ဒုန်း သုံးလုံးအနက် နှစ်လုံးအောင်မြင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ရှော့တိုက်ဒုန်း နှစ်လုံးအနက် တစ်လုံးသည် မော်တော်ယာဉ်ဂိုဒေါင်ပေါ် ကျရောက်ကာ အခြားတစ်လုံးသည်လေယာဉ်ဂိုဒေါင်ပေါ်သို့ကျရောက်ခဲ့ပြီး Y-12 တစ်စီး သုံးမရအောင်ပျက်စီးသွားသည်ဟု BWMက ဆိုသည်။
ပစ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
“လက်နက်ကြီးနဲ့ သုံးလုံးပြန်ပစ်ပါတယ်၊ လက်နက်ငယ်နဲ့ကတော့အချက်ပေါင်းများစွာပြန်ပစ်ပါတယ်။ ရှော့ဒုံးကိုဘယ်နေရာကပစ်မှန်းမသိတော့ သူတို့ပြန်ပစ်တာတွေက ရမ်းသမ်းပြန် ပစ်တာမျိုးတွေဖြစ်နေတယ်။”ဟု စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်သည့် အကြောင်းကို အထက်ပါတာဝန်ရှိသူကက ပြောသည်။
စစ်ကောင်စီဘက်မှ ပစ်ခတ်မှုများရှိသော်လည်း စစ်ဆင်ရေးဆောင်ရွက်သူအားလုံး ဘေးကင်းရာသို့ ရောက်ရှိပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
“တောင်ငူလေတပ်သည် ကရင်ပြည်နယ်၊ ကရင်နီ ပြည်နယ် နှင့် ရှမ်းတောင်တို့ရှိ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်ရာတွင် စစ်ရှုံးကောင်စီ အဓိက အားထားရသော လေတပ်စခန်း တစ်ခု ဖြစ်သောကြေင့် ယနေ့တောင်ငူ လေတပ် မစ်ရှင်ကို စီစဉ် အကောင်အထည်ဖော်ရခြင်းဖြစ်ပါသည်။”ဟု BWM ကအသိပေးထားသည်။
ထို့ပြင် စစ်ကောင်စီသည် နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသောကြောင့် အပြစ်မဲ့ပြည်သူများ၏ အသက်ဆုံးရှုံးမှုများရှိနေပြီး တော်လှန်ရေး အင်အားစုများအနေဖြင့်လည်း စစ်ကောင်စီလေတပ်များကို အထူးတိုက်ခိုက်ရန် BWM ကတိုက်တွန်းထားသည်။
ယင်းစစ်ဆင်ရေးတွင် ထိခိုက်မှုအနေဖြင့် လူနာတင်ကားသုံးစီး လေတပ်စခန်းအတွင်းသို့ ဝင်သွားပြီး ထိခိုက်မှုနှင့်ပတ်သက်၍ စုံစမ်းဆဲဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။
BWM အဖွဲ့သည် မဟာမိတ်အဖွဲ့များ နှင့်ပူးပေါင်း၍ စစ်ကောင်စီ၏ ဌာနချုပ်များ နှင့် လေတပ်စခန်းများကို အဓိကတိုက်ခိုက်လျက်ရှိပြီး ယနေ့စစ်ဆင်ရေးသည် ၂၄ ကြိမ်မြောက် ဖြစ်ကြောင်း အသိပေးထားသည်။
(တောင်ငူလေတပ်စခန်းကို ‌၁၀၇ မမ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်နေစဉ်။ ဓာတ်ပုံ – BWM)