တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့မှ စစ်ကောင်စီ ဝန်ထမ်းများထွက်ပြေး ၊ ပိတ်မိနေသူ အချို့ရှိ
ဓါတု
မဇ္ဈိမ။ ။ ရခိုင်ပြည်နယ် ၊ အမ်းမြို့နယ်၊ နပခအနီးတိုက်ပွဲများ ပြင်းထန်လာသည့်နောက် အမ်းမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းများမှာ ထွက်ပြေးတိမ်းရှောင်နေကြပြီး အကြီးအကဲနှင့်ဝန်ထမ်းအချို့မှာ မြို့ပြင်ထွက်မရဘဲ ပိတ်မိနေကြောင်း သိရသည်။
ယနေ့ (အောက်တိုဘာလ ၂၀ ရက်)တွင် AAနှင့် စစ်ကောင်စီတပ်တို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အနီး တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။
အမ်းမြို့အထွက် ကားလမ်းများကို စစ်ကောင်စီက ဖြတ်တောက်ပိတ်ဆို့သည့်ကြားမှဝန်ထမ်းအများစုမှာ တောလမ်းမှ ထွက်ပြေးနေကြပြီး အချို့မှာတိုက်ပွဲအခြေအနေကြောင့် လှည့်ပြန်ရသည့်အထိဖြစ်နေကြောင်း ဌာနဆိုင်ရာနှင့်နီးစပ်သူတဦးက မဇ္စျိမကိုပြောသည်။
“ကျောင်းဆရာ ၊ ဆရာမတွေလည်း ထွက်ပြေးလာကြတာတွေရှိတယ်။ သူတို့ကတော့ ကိုယ့်ဒေသကိုယ်ပြန်သွားကြလို့ လွတ်သွားကြပြီ။ ဒါပေမဲ့ အမ်းထဲနေ ထွက်ပြေးတဲ့ဝန်ထမ်းတချို့ အကြီးအကဲတယောက်လည်းပါတယ် ။ တနေ့(အောက်တိုဘာလ ၁၈ရက်) က သူတို့လမ်းပြငှားပြီးခေါ်တာလမ်းလေးခွမှာ လက်နက်ကြီးထိမှန်တာ လမ်းပြကသေသွားလို့ရှောင်မယ့်သူတွေအမ်းထဲပြန်သွားရတယ်ဆိုပြီး သူ့မိသားစုကပြောလို့သိရတယ် “ဟု ၎င်းက ဆိုသည်။
အမ်းမြို့သို့ လှည့်ပြန်လာရသည့် ဌာနဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းများ၏လုံခြုံရေးအရ ဌာနအတိအကျနှင့်ရာထူးများကိုပြောကြားခြင်းမရှိပေ။
ထွက်ပြေးလွတ်မြောက်သွားသည့် ပညာရေးဝန်ထမ်းများမှာ မကွေးတိုင်းသို့တိမ်းရှောင်ရန်မလွယ်ကူသောကြောင့် ဘေးလွတ်ရာ၊နီးစပ်ရာနယ်မြေများရှိဆွေမျိူးမိသားစုများထံခိုလှုံနေရကြောင်းသိရသည်။
အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အကြီးအကဲများသည် လက်ရှိတွင် တပ်မိသားစုများမှလွဲ၍ ဌာနဆိုင်ရာဝန်ထမ်းများကို ခရီးထွက်ခွင့်မပေးခြင်း၊ နေရပ်သို့ပြန်ခွင့်မပြုထားပေ။
ထို့ကြောင့် အမ်း-မင်းဘူး ကားလမ်းကို တပ်မိသားစုများမှအပ ရုံးဝန်ထမ်းများကိုထွက်ခွာခွင့်မပေးထားသောကြောင့် ရုံးတက်ရန်ပျက်ကွက်ခြင်း(သို့မဟုတ်) ထွက်ပြေးမည်ဆိုပါက ဖမ်းဆီးရမိလျှင် ထောင်ဒဏ်ချမှတ်မည်ဖြစ်ကြောင်း နီးစပ်သူများထံက သိရသည်။
“အမ်းမြို့မှာက မြို့သစ်၊မြို့ဟောင်းဆိုပြီးရှိတယ်။ မြို့ပေါ်တိုက်ပွဲပြင်းထန်လာနိုင်လို့ ရှောင်ကြတာ အထက်က အခုထိ ရုံးတက်ခိုင်းနေတုန်းပဲ။ မြို့သစ်မှာဌာနဆိုင်ရာရုံးတွေရှိတယ်၊အဲ့ဒီမှာဝန်ထမ်းတွေနေတာ။ မြို့ဟောင်းမှာတော့ လေယာဥ်ကွင်း လေဆိပ်ပဲရှိတာ ” ဟု ဌာနဆိုင်ရာနှင့်နီးစပ်သူတဦးက မဇ္စျိမကို ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက အထွေထွေအုပ်ချုပ်ရေးမှူးနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တို့၏ ထောက်ခံချက်ရမှသာ အမ်း-ပဒါန်းကားလမ်းကို ဖဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားပြီးနောက်ယခု အောက်တိုဘာလတွင်အမ်းမြို့နယ်၌တိုက်ပွဲပြင်းထန်လာခြင်းကြောင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားစုဝင်များကိုမြို့ပြင်သို့ထွက်ခွာခွင့်မပေးတော့ကြောင်းသိရသည်။
သို့သော် တပ်မိသားစုဝင်များမှာ အဆိုပါကားလမ်းအတိုင်းထွက်ပြေး တိမ်းရှောင်နေကြပြီး အမ်းပဒါန်းကားလမ်းမပေါ်ရှိ အမ်း-မင်းဘူးစစ်ဆေးရေးဂိတ်၊ ပဲပဒုံစစ်ဆေးရေးဂိတ်များမှ စစ်ဘေးရှောင်မည့်အရပ်သား၊ ဌာနဆိုင်ရာဝန်ထမ်းအချို့ကို ယခုရက်ပိုင်းအတွင်း ဖမ်းဆီးစစ်ဆေးမှုများလုပ်နေကြောင်း ရခိုင်-မကွေးနယ်စပ်ရှိဒေသခံများ၏ အဆိုအရသိရသည်။
စစ်ကောင်စီသည် အမ်းမြို့သို့အဝင်အထွက်လမ်းကြောင်းခက်ခဲစေရန် အမ်းမြို့ဘက်သို့ ဆက်သွယ်ထားသည့် ရန်ကုန်-စစ်တွေ ကားလမ်းဖြစ်သည့် အမ်းမြို့အထွက် မြိုင်သာယာကျေးရွာအနီး ကားလမ်းတွင် သုံးနေရာ၊ အမ်း-မအီကားလမ်း တမိုင်ကုန်းအနီးတွင် နှစ်နေရာ၊အမ်း-တပ်တောင်ကားလမ်း လုံးကျေးရွာအနီးတွင် နှစ်နေရာ စုစုပေါင်းကားလမ်းခုနစ်ခု၏ အဝင်အထွက်များကို စစ်ကောင်စီတပ်က ပြီးခဲ့သည့်(ဖေဖော်ဝါရီလ ၂၈ ရက်)က မြေတူးစက်ဖြင့် မြောင်းဖော် ဖြတ်တောက်ထားခြင်းဖြစ်သည်။
ထို့ကြောင့်မကွေးတိုင်းဘက်သို့ ဆက်သွယ်ထားသည့် အမ်း-မင်းဘူးကားလမ်း တခုသာ ဖွင့်ထားပြီး အဆိုပါလမ်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် နီးစပ်သူများသာ ထွက်ခွင့်ပြုခြင်းဖြစ်သည်ဟု သိရသည်။
တိုက်ပွဲအရှိန်မြင့်လာသည့်အမ်းမြို့နယ်တွင် စစ်ကောင်စီက ပြီးခဲ့သည့် သုံးလခန့်အတွင်း လုံခြုံရေးပိုမိုတင်းကျပ်ထားခြင်း၊ သတင်းအမှောင်ချထားခြင်းများပြုလုပ်နေသည့်အပြင် ၎င်းတို့အချင်းချင်း မယုံသင်္ကာမှုများရှိလာခြင်းကြောင့် ဌာနဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းအချို့ကိုလည်း ဖမ်းဆီးစစ်ဆေးအကျဥ်းချခြင်းများ ပြုလုပ်လျက်ရှိသည်။
ထို့အပြင်အမ်းမြို့နယ်တွင် ကျန်ရှိနေသေးသော တပ်ရင်း၊တပ်ဖွဲ့နှင့် မြို့ပေါ်ရဲစခန်းမှ ထွက်ပြေးတိမ်းရှောင်သည့် စစ်သား၊ ရဲတပ်သားများကိုပြန်လည် ဖမ်းဆီးရမိပါက သေဒဏ်ချမည်ဟု နပခအကြီးအကဲများက ပြင်းပြင်းထန်ထန်သတိပေးထားကြောင်းသိရသည်။
လက်ရှိအခြေအနေအရ အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)နှင့် သုံးမိုင်ကျော်အကွာရှိ စစ်ဆေးတပ်နား အာရက္ခတပ်တော်(AA) ကအပြင်းအထန်ထိုးစစ်ဆင်လျက်ရှိသည်။
စစ်ကောင်စီတပ်ဘက်ကလည်း နပခသို့ AA မရောက်ရှိရေးအတွက် လေကြောင်းပစ်ကူများဖြင့် အမ်းမြို့နှင့် ငါးမိုင်အတွင်း ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်းသိရသည်။
ပုံအညွှန်း- ၂၀၂၂ ခုနှစ်ကပြုလုပ်သည့် အမ်းမြို့ဌာနဆိုင်ရာဝန်ထမ်းများအစည်းအဝေး(ဓါတ်ပုံ-စစ်ကောင်စီပြန်ကြားရေးဝက်ဘ်ဆိုက်)
စာတည်း။ ။အောင်ကျော်ဖြိုး
#အမ်းမြို့နယ်
#AA