ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး သာဒွေးအောင် နေအိမ်တွင် ဗုံး ၂ ကြိမ်ပေါက်ကွဲမှု နယ်ထိန်းရဲ အပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရ

by

in

ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး သာဒွေးအောင် နေအိမ်တွင် ဗုံး ၂ ကြိမ်ပေါက်ကွဲမှု နယ်ထိန်းရဲ အပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရ
ရန်ကုန်၊ အောက်တိုဘာ ၂၀
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ အရှေ့ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး သာဒွေးအောင်နေအိမ်တွင် ဗုံး ၂ ကြိမ် ပေါက်ကွဲပြီး နယ်ထိန်းရဲအရာရှိ ၁ ဦးအပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၆ မိနစ်တွင် ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး သာဒွေးအောင်နေအိမ်တွင် ဗုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ပွင့်ဖြူမြို့မရဲစခန်းမှ စခန်းမှူး၊ နယ်ထိန်း ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးတို့ ရောက်လာကြောင်း သိရသည်။
ထိုသို့ ရဲစခန်းမှူးနှင့် နယ်ထိန်းရဲများ ရောက်ရှိလာချိန် မွန်းလွဲ ၁ နာရီ ၉ မိနစ်တွင် ထပ်မံဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စခန်းမှူးနှင့် နယ်ထိန်း ရဲများအပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ပွင့်ဖြူမြို့အရှေ့ပိုင်း အုပ်ကြီးသာဒွေးအောင် နေအိမ် ဗုံး ၂ ကြိမ်ပေါက်တာ ပထမအကြိမ်ဗုံးပေါက်ပြီး တော့ စခန်းမှူး နဲ့ နယ်ထိန်းထွန်းနိုင်ဝင်း၊ အုပ်ကြီးရောက်လာတဲ့အချိန် နောက်တစ်ကြိမ်ထပ်ပေါက်တယ်။ စခန်းမှူးနယ်ထိန်းရယ် အုပ်ကြီးသား အငယ်ကောင်လေးရယ် ထောက်ခံစာလုပ်တဲ့သူတစ်ယောက် အပါအဝင် စုစုပေါင်း ၄ ယောက် ဒဏ်ရာ အပြင်းအထန်ရတယ်။ အုပ်ကြီးသာဒွေးအောင်နဲ့ သူ့မိန်းမက တော့လွတ်သွားပါတယ်” ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။
အုပ်ချုပ်ရေးမှူး သာဒွေးအောင်သည် စစ်မှုထမ်းဥပဒေကို တက်ကြွ စွာအကောင်အထည်ဖော်နေသူတစ်ဦးဖြစ်ပြီး ရပ်ကွက်အတွင်းရှိ လူငယ်၊ လူရွယ်များကို စစ်တပ်အတွင်း မရားထည့်သွင်းစေခိုင်းနေသူဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲပြီးနောက် အကြမ်းဖက်စစ်သားနှင့် ရဲများ ကင်းပတ် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။