အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဆေးတပ်နား တိုက်ပွဲပြင်းထန်၊ စစ်ဌာနချုပ်သို့​​ AA ထိုးစစ် နီးကပ်

by

in

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဆေးတပ်နား တိုက်ပွဲပြင်းထန်၊ စစ်ဌာနချုပ်သို့​​ AA ထိုးစစ် နီးကပ်
ဓါတု
မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ် ​ (နပခ) စစ်ဆေးတပ်(စစ်ဆေးရုံ) တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
ယနေ့ (အောက်တိုဘာလ ၂၀ ရက်)တွင် AAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး နပခသို့ AA၏ ထိုးစစ်ရောက်ရှိရန် ကြားတွင် အမြှောက်တပ်နှင့် စစ်လက်နက်ပစ္စည်းတပ်(COD) သာကျန်​​တော့​ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
ဖြစ်ပွားနေသည့်တိုက်ပွဲသည် အကွာအဝေးအားဖြင့် သုံးမိုင်ကျော်သာ နပခ နှင့် ဝေးတော့ကြောင်း ၎င်းကဆိုသည်။
AA ၏ ထိုးစစ်သည် နပခ အဝင် ခမရ(၃၇၃)၊ လေကြောင်းရန် ကာကွယ်ရေးတပ်၊ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့( စရဖ တပ် )တို့ကို​ ကျော်ပြီး​နောက် စစ်​​ဆေးတပ်တွင် ထိ​တွေ့တိုက်ပွဲဖြစ်ပွား​နေ​ကြောင်းသိရသည်။
“၃၇၃ ကျပြီး လက်ရှိ တိုက်ပွဲ စရဖတပ်ကို​ကျော်ပြီး တပ်ဆုတ်ပြီး တိုင်းဆေးရုံနား နပခနဲ့​တော်​​တော်နီးသွားပြီ ။ မ​နေ့ည ၁၀ နာရီက​နေ ဒီ​နေ့အကူး နံနက် ၂ နာရီအထိပြင်းထန်တယ်။စစ်​ကောင်စီက​လေ​ယာဥ်က​နေလည်း​တော်​တော်ပစ်​နေတယ်”ဟု၎င်းက​ပြောသည်။
စစ်​ကောင်စီ​ထောက်ခံသည့်​လော်ဘီချန်နယ်များတွင်လည်း နပခအနီး ​တပ်​​ဆေးရုံ​အနောက်​ဘက်တွင်တိုက်ပွဲပြင်းထန်​နေ​ကြောင်း​ရေးသား​ဖော်ပြထားသည်။
ပြီးခဲ့သည့်(အောက်တိုဘာလ ၁၁ ရက် )ညပိုင်းတွင် ​ခြေမြန်တပ်ရင်း-ခမရ(၃၇၃)ကိုရရှိသွားကြောင်း သတင်းများထွက်ရှိ​နေ​သော်လည်း AA ဘက်က သတင်းထုတ်ပြန်ထားခြင်းမရှိ​သေး​ပေ။
ထို့အပြင် ​တောင်ကုတ်မြို့အခွဲ မအီမြို့မှ ၉၃ မိုင်အကွာအဝေးရှိ အမ်း-မအီကားလမ်း အမ်းမြို့သို့အဝင် တမိုင်ကုန်းရှိ ကာကင်းစခန်းတခုကိုလည်း အာရက္ခတပ်​​​တော်(AA)က (ယမန်​နေ့​ အောက်တိုဘာလ ၁၉ ရက်) နံနက် ၄ နာရီတွင်သိမ်းပိုက်ရထား​ကြောင်း AA နှင့်နီးစပ်သည့်သတင်းရင်းမြစ်တဦးကဆိုသည်။
တမိုင်ကုန်းစခန်းသည် ​နပခ သို့အ​ဖြောင့်တိုင်းသွားလျှင် သုံးဖာလုံအကွာအ​ဝေးသာရှိသည့်အတွက်နပခသို့​ရောက်ရှိရန်နီးကပ်လာခြင်း​ကြောင့် AA ၏ထိုးစစ်မှာ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်​နေသည့်အ​နေအထားဖြစ်​နေ​ကြောင်း​ဒေသခံအချို့ကယူဆကြသည်။
“အမ်းမြို့ကို AA ကပတ်ပတ်လည်ပိတ်ဆို့တိုက်​နေတာ။ နပခထဲ​​​​ရောက်ဖို့ဘယ်​လောက်မှမလို​တော့ဘူး။အခုက အဲ့ဒီနား​ကရွာ​တွေကို AA ​တပ်​​​​တော်ရော စစ်​တပ်ဘက်က​ရောအရင်ရက်ထဲက​ရွှေ့ခိုင်းထားလို့ ဒေသခံ​တွေမရှိ​တော့ဘူး”ဟုအမ်း​ဒေသခံတဦးက​ပြောသည်။
ထို့​နောက် အမ်းတိုက်ပွဲတွင် လတ်တ​လောဖမ်းဆီးရမိသည့် စစ်​ကောင်စီသုံ့ပန်းများမှာ တိုက်ခိုက်​ရေးတပ်မဟုတ်သည့် အမှတ်(၈)အဆင့်မြင့်ဆက်သွယ်ရေးတပ်၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် (G.E)၊ စစ်မြေပြင်အင်ဂျင်နီယာတပ်(B.E)တို့လို လက်ရုံးတပ်များမှ တပ်သားများဖြစ်ကြောင်း AA နှင့်နီးစပ်သည့်သတင်းရင်းမြစ်တဦးကပြောသည်။
“ဒီဘက်က​တွေ့ရတာ ဖမ်းဆီးရမိတဲ့သုံ့ပန်း​တွေကိုကြည့်ရတာ တိုက်ခိုက်​ရေးတပ်​တွေ(၃၇၂)၊( ၃၇၃)ထဲကမဟုတ်​တော့ဘူး။ အခုက ဆက်သွယ်​ရေးတပ်ကများတယ် ။ သူတို့ကိုင်ထားတဲ့​သေနတ်​တွေကလည်း ​ချေမှုန်း​​ရေးပိုင်းကကိုင်တဲ့သေနတ်​တွေမဟုတ် လက်ရုံးတပ်​တွေထုတ်သုံးရတဲ့အဆင့်ဖြစ်​နေပြီ”ဟု၎င်းကမဇ္စျိမကို​​ပြောသည်။
စစ်​ကောင်စီအ​နေဖြင့် နပခတွင်ခံစစ်ပြင်ရန် တိုက်ခိုက်​ရေးတပ်​များဖြင့်အင်အားဖြည့်တင်းထားသည်ဟုခန့်မှန်းရ​ကြောင်း၎င်းကဆိုသည်။
ပြီးခဲ့သည့် ​(အောက်တိုဘာလ ၁၀ ရက်)လည်းအမ်း-ပဒါန်းကားလမ်းမှ နပခအတွင်းသို့ အင်အား ၁၀၀ ​ကျော်ပါသည့်စစ်ကူဝင်​ရောက်လာသည်ကို​တွေ့ရ​ကြောင်း အမ်းမြို့ခံများ၏အဆိုအရသိရသည်။
စစ်ရေးသတင်းရင်းမြစ်များ၏အဆိုအရ စစ်​ကောင်စီဘက်က ​လေ​ကြောင်းပစ်ကူများဖြင့်ခုခံတိုက်ခိုက်​နေပြီးအာရက္ခတပ်တော်(AA)ဘက်ကလည်း ဟောင်ဝှစ်ဇာလက်နက် ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် ထိုးစစ်အရှိန်မြှင့်တင်ကာ တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။
နပခ၏လက်ဝဲဘက်တွင် အမှတ်(၈)အဆင့်မြင့်ဆက်သွယ်ရေးတပ်၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် (G.E)၊ စစ်မြေပြင်အင်ဂျင်နီယာတပ်(B.E)၊ ခမရ(၃၇၂)၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်များရှိသည်။ နပခ၏လက်ယာဘက်ခြမ်းတွင်မူ တပ်ထိန်းတပ်၊ ခမရ(၃၇၁)တို့ ရှိကြသည်။
စစ်​ရေးအရှိန်က အမ်းအနီးအနား တဝိုက်​ရောက်လာခြင်း​ကြောင့် စစ်​ကောင်စီဘက်က အမ်းမြို့အပါဝင် ရခိုင်​ဒေသရှိ မြို့များအားလုံးကို ​(အောက်တိုဘာလ ၁၂ ရက်​နေ့)မှစပြီး (ယ​နေ့ အောက်တိုဘာလ ၂၀ ရက်)အထိMEC တယ်လီကွန်းမှလွဲ၍ ဖုန်းလိုင်း၊အင်တာနက်လိုင်းဆက်သွယ်​ရေးဖြတ်​တောက်ထားခဲ့သည်။
ယမန်​နေ့​အောက်တိုဘာလ ၁၉ ရက်မှစ၍ အမ်းနှင့်မြို့အချို့တွင်သာ MPT လိုင်းတမျိူးတည်းရရှိ​သေး​ကြောင်းသိရသည်။
လက်ရှိ အမ်းမြို့အပါအဝင် ​မောင်​​တောအ​နောက်ဘက်ခြမ်းရှိ နယ်ခြား​စောင့်တပ်ခွဲနခခ(၅)နှင့် ဂွမြို့တို့တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်​​နေပြီး စစ်​ရေးဆက်လက်တင်းမာ​နေဆဲဖြစ်သည်။
ပုံအညွှန်း-AA အမျိုးသမီးစစ်သည်များ(ဓာတ်ပုံ-AA info desk)
စာတည်း။ ။အောင်ကျော်ဖြိုး
#အမ်းမြို့နယ်
#AA