ကလေးမြို့တွင် စစ်ကောင်စီက လူငယ်များကို ဖမ်းဆီးပြီး စစ်သင်တန်းသို့ ပို့ဆောင်

by

in

ကလေးမြို့တွင် စစ်ကောင်စီက လူငယ်များကို ဖမ်းဆီးပြီး စစ်သင်တန်းသို့ ပို့ဆောင်
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၉ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လမ်းသွားလမ်းလာ လူငယ်များကို စစ်ကောင်စီက ဖမ်းဆီးပြီး စစ်သင်တန်းကျောင်းသို့ ပို့ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။
ထိုသို့ ဖမ်းဆီးခံရသည့် လူငယ်များကို စစ်ကောင်စီက ကလေးမြို့အနီး စခန်းကြီးကျေးရွာရှိ အမှတ် (၁၀) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။
လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ပို့ဆောင်ခံရသည့် လူငယ်များကို စစ်သင်တန်းတက်ရောက်ရန် ပြင်ဆင်ခိုင်းပြီး စစ်မှုမထမ်းလိုပါက ငွေကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ အထိပေးရန် တောင်းကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“ကလေးမြို့မှာ အခုရက်ပိုင်း လူငယ်တွေ အတော်လေး အဖမ်းခံရတယ်။ အဲ့ဒီဖမ်းဆီးတဲ့သူတွေကိုလည်း လေ့ကျင့်ရေးကျောင်းကို တန်းပို့တယ်။ မိဘတွေက ပြန်လိုက်တယ်။ ပြီးတော့ ငွေနဲ့ ပြန်ရွေးခိုင်းတယ်။ သိန်းငါးဆယ်၊ တစ်ရာ ပေးပြီးမှပြန်လွတ်ကြတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖမ်းဆီးခံရသူများသည် ယခင်ကကဲ့သို့ နိုင်ငံရေးနှင့် ပတ်သက်၍ ဖမ်းဆီးခြင်းမဟုတ်ဘဲ ဆိုင်ကယ်တစ်စီး အမျိုးသားနှစ်ဦး စီးနင်းခြင်းနှင့် အကြောင်းအမျိုးမျိုးပြ၍ မတရားဖမ်းဆီးခံရသူများ ဖြစ်ကြသည်။
ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်နှင့် အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရပြီး ၎င်းတို့ကို စခန်းကြီး လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။
စစ်ကောင်စီ၏ ဖမ်းဆီးခံရသူများထဲတွင် အသက်မပြည့်သေးသည့် လူငယ်အများပြား ပါဝင်ပြီး ၎င်းတို့ကို မိဘအုပ်ထိန်းသူများက အဆင့်ဆင့်ပြန်ရွေးနေရသည်ဟု ဆိုသည်။
“အရင်ရက်က မြို့ထဲဖမ်းတဲ့အခါ အသက်မပြည့်သေးရင် ထိုင်ထလုပ်ခိုင်းတယ်။ အခုတော့ မရဘူး။ သင်တန်းကျောင်းကိုပို့တယ်။ ပြီးမှ မိဘတွေက မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတွေနဲ့ ရွေးရတယ်။ ပိုက်ဆံအနည်းငယ်ပေးရတယ်။ အဲ့ဒါမှပြန်လွတ်တယ်” ဟု ကလေးမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကလေးမြို့တွင် စစ်ကောင်စီပေးသည့် စစ်မှုထမ်းသင်တန်း အပတ် (၆) တက်ရောက်နေကြပြီး လာမည့် အပတ် (၇) အတွက် သင်တန်းသားများရရှိရေး စစ်ကောင်စီက လူငယ်များဖမ်းဆီးပြီး လူသစ်စုဆောင်းနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
#ကလေးမြို့ #စစ်ကောင်စီ #လူငယ်များကို #ဖမ်းဆီး #စစ်သင်တန်း #ပို့ဆောင် #Ayeyarwaddy_Times