စစ်မှုထမ်းဖို့ ဖမ်းခံထားရတဲ့ မုံရွာက အမျိုးသားတွေကို ဒုဗိုလ်ချုပ်ကြီး စိုးဝင်းအမိန့်နဲ့ မန္တလေးကိုပို့လိုက်ပြီ

by

in

စစ်မှုထမ်းဖို့ ဖမ်းခံထားရတဲ့ မုံရွာက အမျိုးသားတွေကို ဒုဗိုလ်ချုပ်ကြီး စိုးဝင်းအမိန့်နဲ့ မန္တလေးကိုပို့လိုက်ပြီ
အောက်တိုဘာ ၂၀၊The Nation Voice
သတင်း-015
စစ်မှုထမ်းဖို့ ဖမ်းဆီးထားတဲ့ အမျိုးသားတွေကို ဏာသိမ်းစစ်တပ်ရဲ့ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မန္တလေးမှာ စစ်မှုထမ်းဖို့ ပို့ဆောင်လိုက်တယ်လို့ ဖမ်းဆီးခံခဲ့ရတဲ့ မိသားစုဝင်တွေ ထံကသိရပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့က မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ် နမခဆီကို ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရောက်လာပြီးနောက်မှာ စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးထားတဲ့ အမျိုးသားတွေအနက်က ၇၈ ဦးကို မန္တလေးမြို့မှာ စစ်မှုထမ်းဖို့ စေလွှတ်ခိုင်းတဲ့ အမိန့်ပေးခဲ့တာကြောင့် အောက်တိုဘာ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ပို့ဆောင်လိုက်ပြီလို့ ဖမ်းဆီးခံထားရတဲ့ မိသားစုဝင်တွေဆီက စုံစမ်းသိရပါတယ်။
“အထုပ်တွေပြင်ပြီး ချက်ခြင်းသွားရတာ မန္တလေးဘက်ကနေ သံပြားကာကားတွေနဲ့ လာခေါ်တာ။ သူတို့ထားရာနေ စေရာသွားရတာပေါ့ဗျာ သီတင်းကျွတ် လပြည့်နေ့ကြီးမို့ထင်တယ် လမ်းပိုင်းတလျောက် မိုင်းဆွဲခံရတာတော့ မဖြစ်ခဲ့ပါဘူး”လို့ ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသားတစ်ဦးရဲ့ မိသားစုဝင်က The Nation Voice ကို ပြောပါတယ်။
စစ်မှုထမ်းဖို့ မုံရွာကနေ မန္တလေးကို စေလွှတ်ရာမှာ စစ်ယူနီဖောင်းနဲ့ ကျည်ကာအင်္ကျီသာ ပေးထားပြီး လက်နက်တစ်လက်မှ မပေးဘူးလို့ သူကဆက်ပြောပါတယ်။
စေလွှတ်ခံရတဲ့ အမျိုးသား ၇၈ ဦးအနက်မှာ ၅၀ ကျော်ဟာ စစ်သင်တန်း တစ်လနီးပါး တက်​ထားရသူတွေဖြစ်ပေမယ့် ကျန်တဲ့ ၂၀ ဦးကတော့ စစ်သင်တန်းမတက်ရသေးတဲ့ သူတွေလို့ သိရပါတယ်။
စေလွှတ်ခံရသူတွေဟာ အောက်တိုဘာ ၁၇ ရက်နေ့ နေ့လည် ၁ နာရီကျော်မှာ မန္တလေးမြို့ကို ရောက်ရှိသွားပြီး နန်းတွင်းမှာရှိတဲ့ အလယ်တိုင်း စစ်ဌာနချုပ်ထဲမှာ ထားရှိကာ မည်သည့်ဒေသတွေကို စစ်မှုထမ်းဖို့ စေလွှတ်မယ်ဆိုတာတော့ ယခုအချိန်ထိ မသိရသေးဘူးလို့ ဆိုပါတယ်။
မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် နမခအတွင်းမှာ စစ်မှုထမ်းဖို့ အဓမ္မ ဖမ်းဆီးခံထားရတဲ့ အမျိုးသား အယောက် ၂၀၀ ကျော်ခန့် ကျန်ရှိခဲ့ပြီး စက်တင်ဘာလကုန်
ဝန်းကျင်က အမျိုးသား ၇၀ ကျော်ကို ကလေးမြို့ လေ့ကျင့်ရေး အမှတ် ၁၀ တပ်ဆီကို စစ်သင်တန်းသင်ဖို့ ပို့ဆောင်လိုက်သေးတယ်လို့ စုံစမ်းသိရပါတယ်။