ပြင်ဦးလွင် – လားရှိုးလမ်းပိုင်း၌တိုက်ပွဲဖြစ်နေ၍ လမ်းပိတ်ပြီး မော်တော်ယာဥ်များလှည့်ပြန်ခိုင်း

by

in

ပြင်ဦးလွင် – လားရှိုးလမ်းပိုင်း၌တိုက်ပွဲဖြစ်နေ၍ လမ်းပိတ်ပြီး မော်တော်ယာဥ်များလှည့်ပြန်ခိုင်း
အင်ကြင်း/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ မန္တလေး – လားရှိုးလမ်းပိုင်း၌ တိုက်ပွဲဖြစ်ပွားနေ၍ လမ်းပိတ်ပြီး မော်တော်ယာဥ်များအား လှည့်ပြန်ခိုင်းနေကြောင်း သတင်းရရှိသည်။
ယနေ့(အောက်တိုဘာ ၁၉ရက်) နံနက်ပိုင်းက မန္တလေးမြို့မှ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့ အတက်ကားများအား စစ်ကောင်စီအဖွဲ့က ပြင်ဦးလွင်မြို့နယ် မြိုင်ကြီးကွေ့လမ်းပိုင်းမှ လှည့်ပြန်ခိုင်းနေကြောင်း ခရီးသွားပြည်သူများက ပြောသည်။
” ဒီနေ့မနက်ခင်း နောင်ချို အုမ္မသီးလမ်းခွဲမှာ ထိတွေ့မှုဖြစ်လို့ မန္တလေးမှကျောက်မဲ သီပေါ လားရှိုးအတက်ကားတွေ ပြန်လှည့်ရတယ်။”ဟု ယာဥ်မောင်းတစ်ဦးက ပြောသည်။
လူနာတင်ယာဥ်များ၊ ဘုန်းကြီးကားများပါ လှည့်ပြန်နေရပြီး ပြင်ဦးလွင် – မန္တလေးယာဥ်များကိုမူ ပြင်ဦးလွင်မြို့အထိ သွားလာခွင့်ပြုထားကြောင်း နယ်ခံအချို့က ဆိုသည်။
” နောင်ချို – ပြင်ဦးလွင်ကြား သုံးဆယ်ဘက်မှာ တိုက်ပွဲဖြစ်နေပါတယ်”ဟု
ပြင်ဦးလွင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး တအာင်းတပ်မတော်(TNLA)ထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရသေးပေ။
လက်တလောတွင် နောင်ချိုမြို့၌ ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ထား၍ တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်ပြီး မသိရသေးကြောင်း အခြားဒေသရောက် နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။ သို့သော် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာ၌ တိုက်ပွဲပြင်းထန်နေသည်ဟု ကြားသိထားကြောင်း ၎င်းဆက်ပြောသည်။
ယနေ့နံနက် ၅ နာရီ ၁၅ မိနစ်ခန့်ကလည်း နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး နှစ်ဦးအပါအဝင် သားအဖသုံးဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် အောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့်နေ့ကလည်း နောင်ချိုမြို့ပေါ်နေရာအချို့အား ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
(ပြင်ဦးလွင် – လားရှိုးလမ်း၊ မြိုင်ကြီးကွေ့ အတက်တနေရာ၌ တွဲကားတစ်စီးတိမ်းမှောက်နေသည်ကို တွေ့ရစဥ်။ဓာတ်ပုံ – CJ။ (ပုံအဟောင်းအသုံးပြုထားပါသည်)