မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်ရှိ ကားပစ္စည်းအရောင်းဆိုင် ဓားပြတိုက်ခိုက်ခံရပြီး ဆိုင်ပိုင်ရှင်အမျိုးသမီး ဓားထိုးခံရ

by

in

မန္တလေး စျေးချိုတော် အနီးက ကားပစ္စည်းဆိုင် ဓားပြတိုက်ခံရ၊
တိုင်းမီးသတ်ရုံး အပါအဝင် စစ်အုပ်စု ဂိတ်တွေ အများအပြား ရှိပေမယ့် ဓားပြတွေ လွတ်မြောက်သွား၊
ဒေါ်လာ/MFP ၊ အောက်တိုဘာ – ၁၇
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးစျေးချိုတော်နဲ့ မနီးမဝေး၊ ၂၈လမ်း၊ ၈၁လမ်းနဲ့ ၈၂လမ်းကြားက ကားပစ္စည်း အရောင်းဆိုင် ဒီကနေ့ အောက်တိုဘာလ ၁၇ရက် နေ့လည်ပိုင်း ဓားပြတိုက်ခံရကာ ရွှေနဲ့ ငွေတချို့ ပါသွားတယ်လို့ သတင်းရရှိပါတယ်။
သီတင်းကျွတ်လပြည့်နေ့ ဆိုင်ပိတ်ထားတဲ့ အဲ့ဒီ ကားပစ္စည်းဆိုင်ကို ပုဆိုး၊ လည်ကတုံးရှပ်လက်ရှည် ဝတ်ဆင်ကာ မျက်နှာမှာ MASK တပ်ထားတဲ့ အမျိုးသား သုံးဦး ဆိုင်ကယ်နဲ့ ရောက်လာပြီး နှစ်ဦးက ဆိုင်ထဲဝင်ကာ မုန့်ဟင်းခါး ပို့ခိုင်းလို့ လာပို့တာလို့ ပြောဆိုပြီးနောက် ဓားပြတိုက်တာလို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
မုန့်ဟင်းခါး ဂျိုင့်နဲ့အတူ ဆိုင်အတွင်း ဝင်လာတဲ့ အမျိုးသားနှစ်ဦးကို ဆိုင်ရှင်က ဂျိုင့်လဲပေးနေချိန် ဓားရှည် ထုတ်ကာ ဆိုင်အတွင်းရှိ ဆိုင်ပိုင်ရှင်မိသားစုကို ပါးစပ် တိတ်နဲ့ကပ်၊ ဆိုင်ရှင် အမျိုးသမီးကြီးကို လက်ကောက်ဝတ် ဓားနဲ့လလှီးကာ ဆိုင်ရှင်အမျိုးသမီး နှစ်ဦးထံက သုံးကျပ်သား ရွှေဆွဲကုံးနဲ့ တစ်ကျပ်သား ရွှေဆွဲကုံး၊ ငွေကျပ် သုံးသိန်း ဓားပြတိုက် ယူဆောင်သွားတာလို့ ဆိုပါတယ်။
သီတင်းကျွတ်လပြည့်၊ ဥပုသ်နေ့မို့ ဆိုင်ပိတ်၊ တံခါးပိတ်ထားတာကို ဓားပြတိုက်ခံရတာ ဖြစ်ပြီး ဆိုင်ရှင်အမျိုးသမးမှာ ဓားဒဏ်ရာကြောင့် ဆေးရုံပို့ခဲ့ရကာ အသက်အန္တရာယ်တော့ စိုးရိမ်စရာ မရှိဘူးလို့ မြို့ခံ တစ်ဦးက ပြောပါတယ်။
ဓားပြတိုက်ခံရတဲ့ ကားပစ္စည်းဆိုင်ဟာ မန္တလေးမြို့ရဲ့ အစည်းကားဆုံးနေရာတစ်ခု ဖြစ်ပြီး အနီးမှာ စစ်အုပ်စုနဲ့ ပျူတွေ စုဝေးရာ မန္တလေးတိုင်း မီးသတ်ရုံး အပါအဝင် စစ်အုပ်စု ငွေညှစ်ဂိတ် အများအပြား ပတ်လည် ဝိုင်းထားတဲ့ နေရာ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဓားပြတိုက်သူတွေကို ဖမ်းဆီးနိုင်ဖို့ ဓားပြမှုဖြစ်ပွားတဲ့ နေရာနဲ့ မနီးမဝေး ၈၁ လမ်း နဲ့ ၂၉ လမ်းက အမှတ် ၈ မြို့မ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုတွေ ဆက်တိုက်ဖြစ်ပွားနေပေမယ့် စစ်အုပ်စုက ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူတာ နည်းပါးတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေးနန်းတွင်း အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ က လက်သပ် မွေးထားတဲ့ ပြည်သူ့စစ် အမည်ခံ ပျူစောထီးတွေက မန္တလေးမြို့သစ်မှာ ဓားပြတိုက်မှု ကျူးလွန်ခဲ့ရာ ရဲက ဖမ်းဆီး ခဲ့ပါတယ်။ ဓားပြတိုက်တဲ့ ပျူတွေ ဖမ်းဆီးခံရတဲ့အပေါ် ပျူတွေက မကျေနပ်ဘဲ လပခ ထံ တိုင်ကြားခဲ့ပြီး အဲ့ဒီလို ဖမ်းဆီးမှုတွေ ဆက်လုပ်နေပါက စစ်ပွဲတွေမှာ မလိုက်ပါတော့ဘဲ ပျူတွေအားလုံး စစ်အုပ်စု လက်အောက်က နှုတ်ထွက်မယ်လို့ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။
မန္တလေးစျေးချိုတော်အနီးက ဓားပြတိုက်ခံရတဲ့ ကားပစ္စည်းဆိုင်/Photo – စစ်အုပ်စု

မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်ရှိ ကားပစ္စည်းအရောင်းဆိုင် ဓားပြတိုက်ခိုက်ခံရပြီး ဆိုင်ပိုင်ရှင်အမျိုးသမီး ဓားထိုးခံရ

ရန်ကုန်၊ အောက်တိုဘာ ၁၇

မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၂၈ လမ်း ၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြား ကားပစ္စည်းအရောင်းဆိုင်ကို ဓားပြဝင်တိုက် ခံရကာ ဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦး ဓားထိုးခံရကြောင်း Voice Of Mandalay က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်က ချမ်းအေးသားဇံမြို့နယ်၊ ၂၈ လမ်း ၊ ၈၁ လမ်း နှင့် ၈၂ လမ်းကြားရှိ ဗန္ဓာပင်ကိုလေး ကား ပစ္စည်းဆိုင်ကို မုန့်မှာစားနေကျ Delivery သမား၏ နောက် မှ လူ နှစ်ဦးက ကပ်လျက်လိုက်ပါလာပြီး ဓားပြတိုက်မှုဖြစ်ပွားခဲ့ကာ အိမ်ရှင်အမျိုး သမီး၌ လည်းပင်း နှင့် လက်တို့တွင် ဓားဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း သိရသည်။

“အခါကြီး ရက်ကြီးမှာ ဓားပြတိုက်ခံရတာ။ ၂၈ လမ်း၊ ၈၁ လမ်းနဲ့ ၈၁ လမ်းကြား ဗန္ဓာပင်ကိုလေး ကား ပစ္စည်းဆိုင် အတိုက်ခံရတာ၊ မုန့်မှာစားနေကျ Delivery နောက်ကနေ နှစ်ယောက် လိုက်လာပြီး ဓားပြတိုက်သွားတာလို့ပဲ သိရပါတယ်။ ပစ္စည်းတွေပါသွား ၊မသွားတော့ မသိရသေးဘူး။ အိမ်ရှင် အမျိုးသမီးတော့ လည်းပင်း ဓားဒဏ်ရာ၊ လက်ဓားဒဏ်ရာရတယ်လို့ သိရတယ်” ဟု Voice Of Mandalay မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ဓားပြခိုက်ခံရသည့် နေအိမ်သို့ စစ်ကောင်စီတပ်သား၊ ရဲများ ရောက်ရှိလာကာ စစ်ဆေး နေကြောင်း သိရသည်။

ဓာတ်ပုံ- ကားပစ္စည်းအရောင်းဆိုင်တစ်ခု မြင်ကွင်း။