သိမ်းပိုက်ရရှိသည့် ခမရ(၃၂၁)တပ်ရင်းသည် မပခ စစ်တိုင်း၏ အရေးကြီးဆုံးတပ်စခန်းဟု KIA အသိပေး

သိမ်းပိုက်ရရှိသည့် ခမရ(၃၂၁)တပ်ရင်းသည် မပခ စစ်တိုင်း၏ အရေးကြီးဆုံးတပ်စခန်းဟု KIA အသိပေး
▪️ရှေ့တန်းတပ်စခန်းများသို့ စစ်ပစ္စည်းနှင့် ရိက္ခာများထောက်ပံ့နေသည့် တပ်စခန်းလည်းဖြစ်ဟု ဖော်ပြ
ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီ၏ ဝိုင်းမော်အခြေစိုက် ခမရ(၃၂၁)တပ်ရင်းသည် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)အတွက် အရေးကြီးသည့် တပ်စခန်းဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။
ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာ၌ တပ်စွဲထားသည့် ခမရ(၃၂၁) စစ်ကောင်စီတပ်စခန်းကို မေလ ၂၁ရက် ည ၈နာရီခွဲတွင် KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ သိမ်းပိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီက ရွှေညောင်ပင်ကျေးရွာကို ဒုံးဖြင့်ပစ်ခတ်ယုံသာမက ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဗဟို ဌာနချုပ် လိုင်ဇာအနီးတဝိုက်သို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ဟု ဖော်ပြသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှု ရှိ၊မရှိ အခြေအနေကို ဖော်ပြမထားပေ။
ရွှေညောင်ပင် ခမရ(၃၂၁) စစ်ကောင်စီတပ်ရင်းသည် ဝိုင်းမော်မြို့နယ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ရှေ့တန်းစစ်ပစ္စည်း စားနပ်ရိက္ခာ ထောက်ပံ့နေသည့်စခန်းဖြစ်သကဲ့သို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ အရေးကြီးဆုံး တပ်စခန်း ဖြစ်ကြောင်း အသိပေးသည်။
ထို့ပြင် ခရီးသွားလာနေသည့် ပြည်သူများကို ခြိမ်းခြောက် နှောက်ယှက်နေသည့် တပ်စခန်းလည်းဖြစ်သည်ဟုလည်း KIA သတင်းပြန်ကြားရေးက သတင်းဖော်ပြသည်။
ဝိုင်းမော်မြို့နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီက ဝိုင်းမော်အနီးတဝိုက်သို့ လက်နက်ကြီးပစ်ကူ ရမ်းသမ်းပစ်ခတ်ခဲ့၍ ဒေသခံပြည်သူ ၆ဦး သေဆုံးကာ ၂၀ကျော် ဒဏ်ရာရခဲ့သည်ဟုဆိုသည်။
ထို့အပြင် လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက် မှုများကြောင့် ဒေသခံပြည်သူများသည် မြစ်ကြီးနားမြို့နှင့် လုံခြုံသည်ဟု ယူဆရသည့် နေရာများတိမ်းရှောင်နေကြရသည်ဟု KIAက အသိပေးသည်။
KIAသည် မေလ ၁၈ရက်မှစ၍ ရွှေညောင်ပင်၊ ကဇူး၊ လုံဇက်ကောင်၊ အောင်မြေ(၁)၊ အောင်မြေ (၂)၊ ဝါလာဘွမ်၊ ဗျင်ဘူကောင်၊ ခါးရှီ၊ အင်လုံခ စသည့် စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ရရှိထားသည်။
ဝိုင်းမော်ဒေသ ယနေ့ စစ်ရေးအခြေအနေကို ကချင်သတင်းရင်းမြစ်ကို မေးမြန်းရာ ” လက်နက်ကြီးပဲ ပစ်နေတယ်။ ထိတွေ့မှုမရှိဘူး။ ဘယ်ကနေ ပစ်တာလဲ မသိဘူး။ အကိုလည်း ရှေ့မှာ ရောက်နေတော့။ သူတို့ အထိုင်စခန်းက မြစ်ကြီးနားဘက်ပဲ ရှိတော့တယ်”ဟု ပြောသည်။
KIA အနေဖြင့် မတ်လ ၇ရက်မှစ၍စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်သည့် စစ်ဆင်ရေးများ တဆင့်ပြီးတစ်ဆင့်လုပ်ဆောင်လျက်ရှိရာ နှစ်လခွဲကျော်အတွင်း စစ်ကောင်စီတပ်စခန်း ၁၀၀ကျော်သိမ်းပိုက်ရရိထားသည်။
(KIAပူးပေါင်းတပ်သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီ၏ ဝိုင်းမော်အခြေစိုက် ခမရ(၃၂၁) တပ်ရင်း အုတ်ခုံရှေ့၌ မှတ်တမ်းတင်ဓာတ်ပုံရိုက်နေသော ရဲဘော်တစ်ဦး။ ဓာတ်ပုံ – The Kachin Net)