စစ်အာဏာရှင်ဟောင်း၏ သမက်ဒေါက်တာနေစိုးမောင် ဖမ်းဆီးစစ်ဆေးခံနေရဟု သတင်းများထွက်ပေါ်

by

in

စစ်အာဏာရှင်ဟောင်း၏ သမက်ဒေါက်တာနေစိုးမောင် ဖမ်းဆီးစစ်ဆေးခံနေရဟု သတင်းများထွက်ပေါ်
အောက်တိုဘာ ၁၃၊ The Nation Voice
သတင်း – 555
စစ်အာဏာရှင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို အာဏာသိမ်းစစ်တပ်က အောက်တိုဘာလ ၁၁ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် ချန်နယ်တွေမှာတော့ ဒေါက်တာနေစိုးမောင်ကို မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးအပြန်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ဖော်ပြကြပါတယ်။
“ဒီရက်ပိုင်းမှာသတင်းတွေက သူတို့စစ်ဘောမတွေအချင်းချင်း ရန်ဖြစ်တဲ့ပုံစံတွေနဲ့တင်ကြတယ်။ အဲဒီသတင်းလည်းပြီးရော ဦးတေဇခြံရောင်းတဲ့သတင်း ထပ်ပြီးတက်လာတယ်။ ခုသတင်းကတော့ နောက်ဆက်တွဲသတင်းတစ်ပုဒ်ပါပဲ။ သူတို့ဘက်က‌ ပြောခွင့်ရတဲ့သူကဖမ်းထားလား။ မဖမ်းထားဘူးလားဆိုတာ ရှင်းပါလိမ့်မယ်။ ဒီလိုလူမျိုးတွေကို လွယ်လွယ်နဲ့ဖမ်းလို့ မရပါဘူး”လို့ အငြိမ်းစားအရာရှိကြီးတစ်ဦးက The Nation Voice ကိုပြောပါတယ်။
ဒေါက်တာနေစိုးမောင်ဟာ ‌စစ်ထောက်ချုပ်ဟောင်းတစ်ဦးရဲ့သားဖြစ်ပြီး ဦးသန်းရွှေရဲ့ သမီးဖြစ်သူ ဒေါ်ကြည်ကြည်ရွှေ‌ရဲ့ခင်ပွန်းဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေရဲ့ အချစ်တော်မြေးဖြစ်တဲ့ ဖိုးလပြည့် (ခေါ် )နေရွှေသွေးအောင်ရဲ့ အဖေဖြစ်ပါတယ်။
ဒေါက်တာ နေစိုးမောင်ဟာ အောက်တိုဘာလ ၉ ရက်နေ့မှာတော့ ” လေးစားသမှုနဲ့ ဂါဝရပြုအပ်ပါတယ်… ဆရာ့လက်ထက်မှာ ပြည်သူတွေကို ပျော်ရွှင်အောင်ထားနိုင်ခဲ့သလို မန္တလေးသူ မန္တလေးသားတွေကိုလည်း စိတ်အား တက်ကြွစေခဲ့တဲ့ မန္တလေးမြို့ကြီးကို Smart City ဖြစ်စေဖို့ ကြိုးစားခဲ့တဲ့ ဆရာ့ကို လေးစားပါတယ်။ မန္တလေးရောက်ရင် မနက်ပိုင်းနဲ့ ညနေပိုင်း တွေမှာ ကျုံးပတ်လမ်းမှာ လမ်းလျှောက်ဘီးစီးတိုင်း ဆရာနဲ့ မြို့တော်ဝန် တို့ရဲ့ လက်ရာတွေကို ရင်သက်ရှုမော တွေ့ရပါတယ် ဆရာ….. ။ ပြည်သူတွေအတွက် စွမ်းဆောင်ချက် တွေကို အမှတ်ရပြီး ဂါဝရပြုလိုက်ပါတယ်…. ဆရာ မြင့်မြတ်သော ဘုံမှာ စံစားနိုင်ပါစေ…. ” ဆိုပြီး ရေးသားခဲ့ပါသေးတယ်။
ဒေါက်တာနေစိုးမောင်ဟာ စစ်ဆရာဝန် ဗိုလ်မှူးကြီးအဆင့်နဲ့ အငြိမ်းစားယူခဲ့ပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုနဲ့ပါတ်သက်တဲ့ သူ့ရဲ့အမြင်အချို့ကို သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ မကြာခဏ ဆိုသလို ဝေဖန်ရေးသားလေ့ရှိသူဖြစ်ပါတယ်။