ထန်တလန်မြို့ တိုက်ပွဲမှာ CDF-ထန်တလန် စစ်ဦးစီးချုပ် အပါအဝင် ချင်းတော်လှန်ရေး ရဲဘော် ၁၆ ဦး ကျဆုံး၊ ဒဏ်ရာရသူ ၄၀ ကျော် ရှိပြီး အရေးပေါ် ဆေးဝါး အကူအညီ လိုအပ်နေ၊

by

in

ထန်တလန်မြို့ တိုက်ပွဲမှာ CDF-ထန်တလန် စစ်ဦးစီးချုပ် အပါအဝင် ချင်းတော်လှန်ရေး ရဲဘော် ၁၆ ဦး ကျဆုံး၊
ဒဏ်ရာရသူ ၄၀ ကျော် ရှိပြီး အရေးပေါ် ဆေးဝါး အကူအညီ လိုအပ်နေ၊
ကိုသူ/MFP၊ အောက်တိုဘာ – ၁၃

ချင်းပြည်၊ ထန်တလန်မြို့မှာ အောက်တိုဘာလ ၁ရက်က စတင် ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း ချင်းကာကွယ်ရေးတပ် – CDF- ထန်တလန် စစ်ဦးစီးချုပ် အပါအဝင် ချင်းတော်လှန်ရေး ရဲဘော် ၁၆ ဦး ကျဆုံးပြီး ဒဏ်ရာရသူ ၄၀ ကျော် ရှိတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
ထန်တလန်မြို့မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ အောက်တိုဘာလ ၁ရက်ကနေ ဒီကနေ့ အောက်တိုဘာလ ၁၃ရက်အထိ နှစ်ပတ်ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားနေပြီး ချင်းတော်လှန်ရေးတပ်တွေက စစ်အုပ်စု စခန်းတွေကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
အဲ့ဒီ ထန်တလန်မြို့ စခန်းသိမ်းတိုက်ပွဲတွေအတွင်း CDF-ထန်တလန် စစ်ဦးစစ်ချူပ် ဆလိုင်း ရမ်ဇဲလ် ( Salai Ram Zel)၊ တော်လှန်ရေး ရဲဘော်တွေ ဖြစ်တဲ့ ကျန်ကျောင်း (Cian Cawng)၊ ဆန်းကီးအို (Sang Kio)၊ ဗျက်လျံကျုံး (Biak Lian Cung)၊ ရမ်မုန်းထန်း (Ram Hmun Thang)၊ ကျုံးသင်အုပ် (Cung Tin Uk)၊ ကျော်သိန်း (Kyaw Ting)၊ ဗန်ထာထန်း (Van Tha Thang)၊ ဧဗန်(Evan)၊ ကေးကျုံး (Kil Cun)၊ တီလ်လျံထန်း (Tial Lian Thang)၊ ဟုန်းထက်ပန်(Hung Htet Pan)၊ ဒေါ.ထာထန်း (Dawt Tha Thang)၊ ဇီမ်ဘွဲ့ဟူ (Zing Bawi Hu)၊ အောင်နိုင်ဝင်း၊ ဇော်ထန်း တို့ ကျဆုံးတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီလို ကျဆုံးသူ ၁၆ ဦး ထဲမှာ ဆန်းကီးအို(Sang Kio)နဲ့ ကျော်သိန်းတို့ နှစ်ဦးကတော့ အလောင်းရှာဖွေလို့ မရသေးဘူးလို့ စစ်ရေး သတင်း ရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ထန်တလန် စစ်ဦးချုပ်က အောက်တိုဘာ ၁၂ရက်နေ့ ကျတာ။ အောက်တိုဘာ ၄ရက်နေ့မှာက ခုနှစ်ယောက် ကျတယ်။ NLD ရုံးနားက တိုက်ပွဲမှာ ထန်တလန်မြို့ပေါ်ပေါ့၊ နောက်ထပ်က CB ဘဏ်နား ကျတာ။ နှစ်ယောက်က အလောင်းရှာလို့ မရသေးဘူး” လို့ စစ်ရေးသတင်းရင်းတစ်ဦးက ပြောပါတယ်။
ကျဆုံးသူ ချင်းတော်လှန်ရေးရဲဘော် ၁၆ဦးဟာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်တိုက်ပွဲမှာ ကျဆုံးတာလို့ ဆိုပါတယ်။
လက်ရှိမှာ ကျဆုံးရဲဘော်တွေရဲ့ ရုပ်အလောင်းတွေကို ဘာသာရေးထုံးစံအတိုင်း မြေပြုပ်သဂြိုလ် ပေးပြီး ဖြစ်သလို မိသားစုဝင်တွေကိုလည်း အသိပေးတာတွေ လုပ်ဆောင်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီ တိုက်ပွဲတွေအတွင်း ထိခိုက်ဒဏ်ရာ ရရှိတဲ့ တော်လှန်ရေး ရဲဘော် ၄၀ ကျော် ရှိပြီး ဆေးဝါးကုသနိုင်ဖို့ အရေးပေါ် ဆေးဝါး အကူအညီ လိုအပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“လမ်းက သွားလာရ ခက်တာလည်း ပါတယ်။ ဆေးဝါးကတော့ တော်တော်လို အပ်နေပါတယ်။ တတ်နိုင်သမျှ အကူအညီ ပေးကြစေလိုပါတယ်”
ချင်းပြည် ထန်တလန်မြို့ကို သိမ်းပိုက်နိူင်ဖို့ တော်လှန်ရေး တပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပြီး လက်ရှိမှာ ထန်တလန်မြို့ပေါ်က စစ်အုပ်စုရဲ့ လိုင်ဗီလာ စခန်း၊ CB ဘဏ် စခန်းတွေကို တိုက်ခိုက် သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။
ထန်တလန် မြို့တွင်းက လက်ကျန် စစ်အုပ်စုကို ဝိုင်းဝန်းပိတ်ဆို့ ထားပြီး စစ်အုပ်စုက မြို့မကျဖို့ လေကြောင်း၊ လက်နက်ကြီး ပစ်ကူနဲ့ ခုခံနေသလို ထန်တလန်နဲ့ ၂၄မိုင်ခန့် ဝေးတဲ့ ဟားခါးမြို့ကနေလည်း လက်နက်ရိက္ခာ ပို့ဆောင်တာတွေ ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ချင်းပြည် ထန်တလန်မြို့ တိုက်ပွဲမှာ ကျဆုံးတဲ့ CDF – ထန်တလန် စစ်ဦးစီးချုပ်နဲ့ ချင်းတော်လှန်ရေး ရဲဘော်တွေ/Photo – CJ