မိတ္ထီလာမြို့တွင် စစ်ဆေးရေးဂိတ်၌ ရပ်မပေးသည့် ညွှန်မှူး၏ကား ပစ်ခတ်ခံရ

by

in

မိတ္ထီလာမြို့တွင် စစ်ဆေးရေးဂိတ်၌ ရပ်မပေးသည့် ညွှန်မှူး၏ကား ပစ်ခတ်ခံရ
အင်ကြင်း/People’s Spring
မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်၌ ရပ်မပေးသည့် ညွှန်ကြားရေးမှူး၏ကား ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက် ည ၁၀နာရီခန့်က မိတ္ထီလာမြို့အဝင်၌ စစ်အုပ်စုက စစ်ဆေးရေးပြုလုပ်နေစဥ် ကားတစ်စီးမှာ ရပ်မပေးဘဲ မောင်းနှင်သွား၍ အဆိုပါဂိတ်မှစစ်သားများက ပစ်ခတ်ခဲ့ကြောင်း မိတ္ထီလာမြို့ခံအချို့က ပြောသည်။
ကားပေါ်၌ မိတ္ထီလာမြို့ ဌာနဆိုင်ရာတစ်ခုမှ ညွှန်ကြားရေးမှူးဆိုသူလိုက်ပါလာပြီး ကားပေါ်ပါသူများ ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း မြို့ခံအချို့က ပြောသည်။
“ညွှန်မှူးပါလာတဲ့ကားက ရပ်မပေးလို့ပစ်တာပြောတယ်။ ဘယ်ဌာနကလဲတော့မသိဘူး။”ဟု မိတ္ထီလာမြို့ခံတစ်ဦးက ပြောသည်။
ဖြစ်စဥ်အား နောက်ဆက်တွဲအခြေအနေ စုံစမ်းနေပြီး လက်တ​လောမသိရသေးပေ။
မိတ္ထီလာမြို့သည် အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်စခန်းအပါအဝင် စစ်တပ်စခန်းအများအပြားရှိသော်လည်း စက်တင်ဘာလ ၁၇ ရက်က နန်းတော်ကုန်းလမ်းနှင့် ကန်ပတ်လမ်း လမ်းဆုံ ရထားသံလမ်း​ဘေးရှိ ရဲကင်းဗုံးပေါက်ကွဲပြီး ရဲ ၃ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့သေးသည်။
(မိတ္ထီလာမြို့တနေရာ၌ စစ်ဆေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ဓါတ်ပုံ-CJ)