နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့တွေမှာ ဒီမနက် တိုက်ပွဲ ဖြစ်၊ နွားထိုးကြီးမှာ တိုက်ပွဲ အပြင်းထန်ဆုံး ဖြစ်ပြီး စစ်အုပ်စုက မြို့ကို လေကြောင်းဗုံးကြဲ၊

by

in

နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့တွေမှာ ဒီမနက် တိုက်ပွဲ ဖြစ်၊
နွားထိုးကြီးမှာ တိုက်ပွဲ အပြင်းထန်ဆုံး ဖြစ်ပြီး စစ်အုပ်စုက မြို့ကို လေကြောင်းဗုံးကြဲ၊
MN/MFP ၊ ဩဂုတ် – ၁၀

မန္တလေးတိုင်း၊ မြင်းခြံခရိုင် နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့ပေါ်က စစ်အုပ်စုကို ဒီမနက်ပိုင်း တော်လှန်ရေး တပ်တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဒီနေ့ ဩဂုတ်(၁၀)ရက် မနက်ပိုင်းက စတင်ပြီး နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့ပေါ်က စစ်အုပ်စု အထိုင်ချ တပ်စွဲရာ နေရာတွေကို တော်လှန်ရေးတပ်တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး နွားထိုးကြီးမြို့မှာ တိုက်ပွဲ အပြင်းထန်ဆုံး ဖြစ်ကာ စစ်အုပ်စုက မြို့ပေါ် လေကြောင်းဗုံးကြဲနေတယ်လို့ ဆိုပါတယ်။
တောင်သာမြို့ပေါ် တိုက်ပွဲမှာတော့ တော်လှန်ရေးတပ်တွေက လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိတယ်လို့ ဒေသခံ တော်လှန်ရေးရဲဘော်က MFP ကို ပြောပါတယ်။
“ဒီကနေ့က ကျွန်တော်တို့ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာ သုံးမြို့နယ်ထဲမှာ တစ်နေရာစီ ခွဲပြီးတော့ တိုက်ပွဲ ဖော်ဆောင်တဲ့ အနေအထား တစ်ရပ် ရှိပါတယ်ဗျ။ တောင်သာမြို့နယ် ဘက်ခြမ်းမှာတော့ ကျွန်တော်တို့ ဘန်ကာတွေကို မီးရှို့ ဖျက်ဆီးနိုင်ခဲ့သလို လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့ပါတယ်ဗျ။ နွားထိုးကြီး ဘက်မှာကတော့ လက်နက် ရခြင်းတော့ မရှိသေးပါဘူး။ ကိုယ့်ဘက်ကနေ အသာစီးနဲ့ တိုက်နေတုန်း ရှိပါသေးတယ်။ လောလောဆယ်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲနေပါတယ်ဗျ”
မြင်းခြံမြို့ပေါ်မှာ တိုက်ပွဲဖြစ်သလို မြင်းခြံနယ် လေးရွာဆုံ ပျူစခန်းကို တိုက်ခိုက်ရာမှာ နှစ်ဖက် အကျအဆုံး ရှိတယ်လို့ ဆိုပါတယ်။
“မြင်းခြံ ဘက်ခြမ်းမှာကတော့ လေးရွာဆုံ ပျူစခန်းကို သွားတိုက်တဲ့အခါမှာ သူတို့(စစ်အုပ်စု)ဘက်က ပစ်အား ကောင်းတဲ့အတွက် ကျွန်တော်တို့ဘက်က ရဲဘော်တစ်ယောက် ကျသွားပါတယ်ဗျ”
လက်ရှိမှာ မြင်းခြံနဲ့ တောင်သာမြို့မှာ တိုက်ပွဲ ငြိမ်သွားပြီ ဖြစ်ပေမယ့် နွားထိုးကြီး မြို့ပေါ်မှာတော့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်အုပ်စုက မြို့ကို လေကြောင်းဗုံးကြဲနေတယ်လို့ ဒေသခံ တော်လှန်ရေး ရဲဘော်က ပြောပါတယ်။
“လက်ရှိကတော့ နွားထိုးကြီး မြို့ပေါ်မှာ တိုက်ပွဲ ပြင်းထန်နေဆဲပါဗျ”
ဒီမနက် (၄)နာရီလောက်က စပြီး မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာမြို့ကို PDF တွေက လာရောက် တိုက်ခိုက်ရာ တိုက်ပွဲ ဖြစ်နေတယ်လို့ စစ်အုပ်စုကလည်း သတင်းဖြန့်ပါတယ်။
PDFတွေက မြင်းခြံမြို့ပေါ်ကို ရှော့တိုက်ဒုံး (၁၅)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မနက်(၃)နာရီက စတင်ပြီး နွားထိုးကြီး မြို့ကို PDF တွေက ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်နေပြီး PDF တွေက နွားထိုးကြီး မြို့ပေါ်ရှိ စိုက်ဘဏ် (မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်)ကို မီးရှို့ဖျက်ဆီးတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။
တောင်သာမြို့ပေါ်က လျှပ်စစ်ဓာတ်အားခွဲရုံကို PDF တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်အုပ်စုနဲ့ ပျူတွေက ခုခံ တိုက်ခိုက်ခဲ့ပြီး ပျူအဖွဲ့ဝင်၊ တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ကော်မတီဝင် ဦးတင်ထွန်းနိူင် သေတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဆိုပြီး အရပ်သား ပြည်သူ ထိခိုက်မှု အသေးစိတ် အခြေအနေတွေကိုတော့ MFP အနေနဲ့ မသိရသေးပါဘူး။
တောင်သာတိုက်ပွဲမှာ သေတဲ့ စစ်အုပ်စု ပျူစောထီးအလောင်း/Photo – စစ်အုပ်စု
#Mandalay_Free_Press_MFP