ရခိုင်-မြန်မာ တေးသံရှင်နှင့် ပိုးထည်တိုက်ပိုင်ရှင် မဆုမြတ်ထက်ကို နေအိမ်တွင် စစ်တပ်က လာရောက် ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ

by

in

ရခိုင်-မြန်မာ တေးသံရှင်နှင့် ပိုးထည်တိုက်ပိုင်ရှင် မဆုမြတ်ထက်ကို နေအိမ်တွင် စစ်တပ်က လာရောက် ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ

ရန်ကုန်| အောက်တိုဘာ ၉

ရခိုင်၊ မြန်မာ တေးသံရှင် မာန်အောင် ဒေသခံ မဆုမြတ်ထက်ကို ရန်ကုန်တိုင်းတာမွေ နေအိမ်မှ ယမန်နေ့ အောက်တိုဘာလ ၇ ရက် မွန်းလွဲအချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်အချို့၊ အရပ်ဝတ်အချို့ စုစုပေါင်း ၁၀ ဦးခန့်က ရန်ကုန် တာမွေရှိ နေအိမ်မှ စစ်ဆေးစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း မဆုမြတ်ထက် အသိုင်းအဝိုင်းက ကို ပြောသည်။

မဆုမြတ်ထက် အသိုင်းအဝိုင်းထဲက တစ်ဦးက “မနေ့(အောက်တိုဘာလ ၇ ရက်နေ့) နေ့လယ် ၁ နာရီလောက်မှာ သူ့နေအိမ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်လောက်က စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်ယူသွားတယ်။ ဘာ စစ်ဆေးမှာလဲ ဘာအကြောင်းပြချက်တွေကြောင့်ဆိုတာကို ဘာတစ်ခုမှ မပြောဘဲ ခေါ်သွားတာပါ။ ဒီကနေ့အထိ အဆက်အသွယ်က မရသေးဘူး။ ဘယ်ကို ခေါ်သွားတာလဲ မသိဘူး။ မိသားစုဝင်တွေက အရမ်းစိတ်ပူနေကြပါတယ်” ဟု ပြောသည်။

မဆုမြတ်ထက်နှင့်အတူ နေအိမ်တွင် အတူနေထိုင်သည့် ၎င်း၏ တူမဖြစ်သူကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက တချိန်းတည်းတွင် ခေါ်ဆောင်သွားပြီး နှစ်ယောက်စလုံးမှာ ပြန်လွတ်လာခြင်းမရှိသေးကြောင်း သိရှိ ရသည်။

မဆုမြတ်ထက်၏ တူမဖြစ်သူမှာ အသက် ၂၄ နှစ်အရွယ်ရှိပြီး မဆုမြတ်ထက်က အသက် ၄၀ အရွယ်ရှိနေပြီဖြစ်သည်။

မဆုမြတ်ထက်ကို ခေါ်ဆောင်သွားပြီး တစ်နာရီကျော်အကြာ နေ့လယ် ၃ နာရီခန့်တွင် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်အချို့ နေအိမ်ကို ပြန်ရောက်လာပြီး အိမ်ထဲဝင်မွှေကာ ဘဏ်စာအုပ်များကို သိမ်းဆည်းသွားကြောင်း ခိုင်လုံသော သတင်းရင်းမြစ်က အတည် ပြုထားသည်။

” ဆုမြတ်ထက် ခေါ်သွားပြီး ရဲအချို့ အိမ်ကို ပြန်လာကြတယ်။ ဘာကြောင့်ဆိုတာ မေးတာလည်းမဖြေဘူး။ အိမ်က ဘဏ်စာအုပ်ကို တောင်းယူသွားတယ်။ မိသားစုဝင်တွေနဲ့ ဆုမြတ်ထက် အသိုင်းအဝိုင်းက အရမ်းစိတ်ပူနေကြပါတယ်။ ဘာကြောင့် ခေါ်သွားတယ်၊ ဘယ်နေရာကို ခေါ်သွားတယ်ဆိုတာ အခုအထိ မသိရသေးဘူး” ဟု ပြောသည်။

မဆုမြတ်ထက်သည် ရခိုင်ပြည် မာန်အောင်ဒေသခံတစ်ဦးဖြစ်ပြီး ရန်ကုန်မြို့တွင် သူ့မိသားစုဝင်များနှင့် အတူနေထိုင်ကာ တေးသီချင်းများဖြင့် အသက်မွေးဝမ်းပြုနေသူတစ်ဦးလည်းဖြစ်သည်။

မဆုမြတ်ထက်မှာ ပြစ်မှုဆိုင်ရာ ကျူးလွန်ထားခြင်းမရှိသည့်အတွက် အမြန်ဆုံးပြန်လွှတ်ပြီး မိသားစုဝင်များဖြင့် အဆက် အသွယ်ပြန်ရရေး မဆုမြတ်ထက် အသိုင်းအဝိုင်းက တောင်းဆိုနေကြသည်။

တေးသံရှင် ဆုမြတ်ထက်သည် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်း၊ မလွှကုန်းဌေးကြွယ်(က) ရပ်ကွက်တွင် နေထိုင်ပြီး ရခိုင်ရိုးရာ ပိုးထည်နှင့် ပါတိတ် အမျိုးမျိုး ရောင်းချနေသည့် ပိုးထည်တိုက်ကိုလည်း ဖွင့်လှစ်လုပ်ကိုင်နေသော လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)