ရေးမြို့နယ်တွင် ကင်းပုန်းဝပ်နေသည့် စစ်သားများနှင့် ရေးဘီလူးအဖွဲ့ တို့အကြား တိုက်ပွဲဖြစ်ပွားပြီး ရဲမေ အပါအဝင် စစ်သား ၅ ဦး သေဆုံး

by

in

ရေးမြို့နယ်တွင် ကင်းပုန်းဝပ်နေသည့် စစ်သားများနှင့် ရေးဘီလူးအဖွဲ့ တို့အကြား တိုက်ပွဲဖြစ်ပွားပြီး ရဲမေ အပါအဝင် စစ်သား ၅ ဦး သေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၈

မွန်ပြည်နယ် ရေးမြို့နယ်ရှိ ကျောင်းရွာ ရေးလမ်းပိုင်းကို ရေးဘီလူးအဖွဲ့က စစ်ဆေးစဉ် ရဲမေ ၁ ဦး ဖမ်းဆီးရမိခဲ့ပြီးနောက် အကြမ်းဖက်စစ်သားများ၏ ကင်းပုန်းဝပ်ရာ နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲမေ အပါအဝင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အောက်တိုဘာလ ၇ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီတပ်များ ကင်းပုန်းဝပ်ရာနေရာသို့ ရေးဘီလူး တပ်ဖွဲ့က သွားရောက်ပစ်ခတ်ရာမှ အပြန် အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ရေးဘီလူးအဖွဲ့က စစ်ဆေးရေးပြုလုပ်တဲ့အချိန်မှာ စကစရဲ့ လက်နက်ကြီး သင်တန်းဆင်းရဲမေ တစ်ဦး အရင်ဖမ်းမိတယ်။ မေးမြန်းပြီးတော့ သူတို့ဘက်က ကင်းပုန်းနေရာချထားတဲ့ တပ်အပြင်ဘက်နေရာကို ကျွန်တော်တို့က ဝင်ပစ်တယ်။ အပြန် အလှန်ပစ်ခတ်မှုတွေ ဖြစ်တယ်။ ရဲမေက ထွက်ပြေးတော့ သူ အပါအဝင် စစ်ကောင်စီဘက်က ၅ ဦးသေတယ် “ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ရေးဘီလူးအဖွဲ့မှ ရဲဘော် ၁ ဦး ခြေထောက်ကျည်ထိမှန်ခဲ့သော်လည်း စိုးရိမ်စရာမရှိကြောင်း သိရှိရသည်။