AA က အမ်းနှင့် ဂွမြို့နယ်ရှိစစ်စခန်းနှစ်ခုကို ထပ်မံသိမ်းပိုက် ▪︎စစ်ကောင်စီက ဂွ- ကျိန္တလီမြို့ကြားရှိ ကျိန္တလီချောင်းကူးတံတားကိုဖျက်ဆီးထွက်ပြေး

by

in

AA က အမ်းနှင့် ဂွမြို့နယ်ရှိစစ်စခန်းနှစ်ခုကို ထပ်မံသိမ်းပိုက်
▪︎စစ်ကောင်စီက ဂွ- ကျိန္တလီမြို့ကြားရှိ ကျိန္တလီချောင်းကူးတံတားကိုဖျက်ဆီးထွက်ပြေး
လူအေး/People’s Spring

အာရက္ခတပ်တော်(AA)က အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အဓိက ခံစစ်စခန်းတစ်ခုဖြစ်​သော မဲနယ်တောင်ဗျူဟာ နှင့် ဂွမြို့ရှိ ကုလားပြင်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)၏ အဓိကခံစစ်စခန်းတစ်ခုဖြစ်သော မဲနယ်တောင်တောင်ဗျူဟာကို အောက်တိုဘာလ ၆ ရက်ည‌နေတွင် AAက တိုက်ခိုက်သိမ်းပိုက်လိုက်​​ကြောင်း အမ်းမြို့တွင်ရှိနေသည့်ဒေသခံတဦးကပြောသည်။
“ပထမတကြိမ်က သိမ်းခဲ့သေးတယ်။ စစ်တပ်က လေကြောင်းကနေ ပစ်လို့ ပြန်ခွာပေးထားခဲ့တာ။
ဒီတခါတော့AAက ရက်ပိုင်းအတွင်းသိမ်းယူလိုက်တာ”ဟု ၎င်းကပြောသည်။
မဲနယ်တောင်ဗျူဟာသည် စစ်ကောင်စီ၏ အခိုင်
အမာစခန်းဖြစ်ပြီး စခန်းအားတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းနှင့်ပတ်သက်၍ AAက သတင်းမထုတ်ပြန်သေးပေ။ ဒေသခံများကမူ AAသည် မဲနယ်တောင်ဗျူဟာကို လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ​အောက်တိုဘာ ၆ရက်နံနက်တွင်
မြေပြင်စစ်ကြောင်းထိုး၍ စီးနင်းတိုက်ခိုက်သိမ်း
ပိုက်ခြင်းဟု ပြောသည်။
ရခိုင်ပြည်နယ် ၊အမ်းမြို့နယ်တွင် တောဟိန်းတောင်ဗျူဟာကို AAက ပြီးခဲ့သည့် ဇွန်လကတိုက်ပွဲတွင်တိုက်ခိုက်သိမ်းယူထားသည်။
AAကအမ်းမြို့နယ်အတွင်းတိုက်ပွဲနှင့် ပတ်သက်၍ စက်တင်ဘာလ ၂၇ရက်၌ နောက်ဆုံးသတင်းထုတ်ပြန်ခဲ့ရာ အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာအနီးတွင် စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ ၃၄၆/ ၃၇၃/ ၃၇၂တပ်ရင်းများ စုပေါင်းထားသော အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းနှင့် စက်
တင်ဘာလ ၂၆ရက်နှင့် ၂၇ရက် နံနက်၌တိုက်ပွဲဖြစ်ခဲ့ရာ အလောင်း၅ လောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ​ဖော်ပြထားသည်။ထို​ကြောင့် စစ်ကောင်စီတပ်သည် အထိအခိုက်အကျအဆုံးအချို့ဖြင့် နောက်ဆုတ်သွားကြောင်း ထုတ်ပြန်ထားသည်။
” ရန်သူ၏ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ခြင်းတောင်းအများအပြားတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်” ဟု အသိ​ပေးထားသည်။
ထိုအပြင် ဂွမြို့နယ်အတွင်းမှ ကုလားပြင်တပ်စခန်းကိုလည်း AA က အောက်တိုဘာလ ၆ရက်တွင် သိမ်းပိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးကပြော
သည်။
“တိုက်ပွဲတွေကပြင်းပြင်းထန်ထန်ဖြစ်နေတာပါ။ကုလားပြင်စခန်းကိုလည်း သိမ်းလိုက်တယ်လို့
ကျနော်တို့သိထားပါတယ်။စစ်တပ်ကလေကြောင်း
တောက်လျှောက်လာနေပါတယ်” ဟု ​ဒေသခံတဦးကပြောသည်။
စခန်းသိမ်းပိုက်ခံရပြီးနောက် ဆုတ်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သည် ဂွ- ကျိန္တလီမြို့ကြားရှိ ကျိန္တလီချောင်းကူးတံတားဖြစ်သည့် ကုလားပြင်တံတားကို အောက်တိုဘာ ၇ ရက် နံနက်အစောပိုင်းတွင် မိုင်းခွဲဖျက်ဆီးလိုက်ကြောင်းရခိုင်ပြည်နယ်အခြေစိုက်Arakan Princess Mediaက​ဖော်ပြသည်။ စခန်းသိမ်းတိုက်ပွဲအား AAက တရားဝင်မထုတ်ပြန်သေးသော်လည်းကုလားပြင်တံတားအား စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးသွားသည်ဟု AAပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ရခိုင်ပြည်နယ်အခြေစိုက်Arakan Princess Media ကို ဖြေကြားထားသည်။
AAသည် အမ်းနှင့် ဂွမြို့မှ စစ်ကောင်စီစခန်းများကို စက်တင်ဘာလတတိယလပတ်မှစ၍ အရှိန်မြှင့်ထိုးစစ်ဆင်တိုက်ခိုက်​နေခြင်းဖြစ်သည်။
AA ကဂွမြို့နယ်မှ တိုက်ပွဲများနှင့်ပတ်သက်၍ စက်တင်ဘာလ၂၇ရက်တွင် နောက်ဆုံးသတင်းထုတ်ပြန်ထားပြီး အသေးစိတ်ထပ်မံမထုတ်ပြန်​သေး​ပေ။ဂွမြို့နယ်၊ ကျောက်ပါးစပ်ရွာအနီး၊ကျိန္တလီကားလမ်းမအနီးရှိ တောင်ကုန်းတွင် စက်တင်
ဘာလ (၂၄) ရက်နေ့က နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AAက ထုတ်ပြန်ထားသည်။
ဂွမြို့နယ်သည် ဧရာဝတီတိုင်းနှင့် နယ်စပ်မြို့ဖြစ်ပြီး စစ်ကောင်စီစခန်းများကို AAက ထိုးစစ်စင်တိုက်ခိုက်မည်ဖြစ်၍ တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်း ဒေသခံများကပြောသည်။ ဂွမြို့နယ်ဒေသခံအများအပြားသည်ဧရာဝတီတိုင်း၊ငါးသိုင်း
ချောင်း၊ ရေကြည်၊ ဟင်္သာတမြို့နယ်များသို့ ထွက်​ပြေးတိမ်းရှောင်​နေကြသည်။
တိုက်ပွဲပြင်းထန်‌နေသည့် မောင်တောမြို့တွင်လည်း မြို့ပြင်၌ စစ်ကောင်စီ၏ နယ်ကြားစောင့်ရဲတပ်ရင်း- နခခ (၅) စခန်း တစ်ခုသာကျန်ရှိတော့ပြီး အပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်များဆက်လက်အရှိန်အဟုန်မြှင့်တင်သွားမည်ဟု AA ကစက်တင်ဘာလ ၂၇ရက်၌ထုတ်ပြန်ထားသည်။
AAက ရခိုင်ပြည်နယ်၌ တိုက်ခိုက်သိမ်းယူရန်ကျန်ရှိနေသေးသည့် စစ်ကောင်စီလက်ကျန်စခန်းများအားလုံးကို တစ်ခုမကျန် သိမ်းပိုက်ရယူရေးအ
တွက် ထိုးစစ်များကို ဆက်လက်အရှိန်အဟုန်မြှင့် သွားမည်ဖြစ်ကြောင်းတရာဝင်​ကြေညာ၍ ထိုးစစ်ဆင်​နေခြင်းဖြစ်သည်။
အာရက္ခတပ်​တော် သည် ရက္ခိုင်ဒေသ စစ်ဆင်ရေးကို ၂၀၂၃ နိုဝင်ဘာ ၁၃ရက်တွင် စတင်ခဲ့ရာ စစ်
ဆင်ရေးတစ်နှစ်မပြည့်မီ ချင်းပြည်နယ် ပလက်၀ မြို့နယ်နှင့် ရက္ခိုင်ပြည်နယ်ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မြေပုံ၊ သံတွဲ၊ ဘူးသီးတောင်၊ ရမ်းဗြဲ မြို့နယ်တို့ကို သိမ်းပိုက်ထားသည်။ထိုအပြင် မောင်တော၊ ဂွ၊ အမ်း၊ကျောက်ဖြူ၊ စစ်တွေအပါအဝင် ရက္ခိုင်ပြည်နယ် တစ်ခုလုံးသိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်မည်ဖြစ်ကြောင်း AAက အသိပေးထားသည်။
(ရခိုင်ပြည်နယ်တွင် စစ်တပ်စခန်းများဆက်တိုက်သိမ်းပိုက်​နေ​သော AA တပ်ဖွဲ့ဝင်များ/ စစ်တပိက
ဂွ- ကျိန္တလီမြို့ကြားရှိ ကျိန္တလီချောင်းကူးတံတားကိုဖျက်ဆီးထားမှု/ရခိုင်ပြည်နယ်အ​ခြေအ​နေပြအင်ဖိုဂရပ်ဖစ်။ဓါတ်ပုံ-AA Info Desk ၊APM)