ထောင်တွင်းကျန်းမာရေး စောင့်ရှောက်မှုမရလို့ ဒေါက်တာဇော်မြင့်မောင်ဆုံးပါးရတာလို့ NUG ဆို

by

in

ထောင်တွင်းကျန်းမာရေး စောင့်ရှောက်မှုမရလို့ ဒေါက်တာဇော်မြင့်မောင်ဆုံးပါးရတာလို့ NUG ဆို
ဆိုင်းမင်း/People’s Spring
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဇော်မြင့်မောင် ဆုံးပါးရဲ့အကြောင်းရင်း ဟာ အကျဉ်းထောင်ထဲမှာ ကင်ဆာရောဂါ နဲ့ကိုက်ညီတဲ့ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရတာကြောင့် ဖြစ်တယ်လို့ NUG အစိုးရက ထုတ်ပြန်ပါတယ်။
ကင်ဆာရောဂါခံစားနေမှန်းသိရက်နဲ့ ရောဂါအခြေအနေနဲ့ကိုက်ညီတဲ့လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရဘဲ ထောင်ထဲမှာ ပြင်းထန်စွာ ထိခိုက်ခံစားခဲ့ရပြီး ကွယ်လွန်သွားခဲ့ရတဲ့နိုင်ငံရေး သမားကောင်းတစ်ဦးဖြစ်တယ်လို့ NUG ကဆိုပါတယ်။
ဒေါက်တာဇော်မြင့်မောင် ဆုံးပါးရတာဟာ အကျဉ်းထောင်တွင်းမှာ ကျန်းမာရေး စောင့်ရှာက်မှု လုံလုံလောက်လောက်မရတာကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အသိပေးထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချတာကိုခံရတဲ့ သွေးကင်ဆာဝေဒနာရှင် အသက် ၇၃ နှစ်အရွယ် မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ဟာ မန္တလေး ဆေးရုံကြီးမှာ ကုသမှုခံယူရင်း ဒီနေ့ မနက်အစောပိုင်းက ကွယ်လွန်သွားခဲ့ပြီး စျာပန ကို မနက် ဖြန် အောက်တိုဘာလ ၈ ရက်မှာပြုလုပ်မယ်လို့သိရပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ အကျဉ်းထောင်တွင်း ကျန်းမာရေးဆိုးရွားလာတာကြောင့် ပြီးခဲ့တဲ့ဇွန်လ ၂၅ ရက်ကစတင်ပြီး ထောင်ဆေးရုံကနေ မန္တလေးဆေးရုံဆီ ပို့ဆောင်ကုသရာမှာ အောက်တိုဘာလ ၆ ရက် ညနေပိုင်းက စတင်ကာ သတိမေ့မြောသွားခဲ့တာပါ။
အဲဒီနောက် သတိပြန်မလည်လာတော့ဘဲ ဒီနေ့ အောက်တိုဘာ ၇ ရက် မနက် ၃ နာရီအချိန်မှာ ဆုံးပါးသွားတာပါ။
NLD ပါတီ ဒုဥက္ကဋ္ဌလည်းဖြစ် ၊ မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ကို အာဏာသိမ်းတဲ့ရက်မှာ ပဲစစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် အမှုပေါင်းများစွာနဲ့စွပ်စွဲပြီး ထောင်ဒဏ် ၂၉ နှစ်ချထားတာပါ။
အကျဉ်းချထားအချိန်အတွင်း ကင်ဆာဝေဒနာသည်ကို လုံလောက်တဲ့ ဆေးဝါးကုသခွင့်မပေးခဲ့သလို မိသားစုနဲ့လည်း ထောင်ဝင်စာတွေ့ဆုံခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။
၂၀၁၉ ခုနှစ်ကတည်းက သွေးကင်ဆာဝေဒနာကြောင့် ဒေါက်တာဇော်မြင့်မောင်ဟာ ထိုင်းနိုင်ငံမှာ သွားရောက် ဆေးကုသခံခဲ့ရပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးအကျဉ်းချချိန်မှာတော့ ထောင်တွင်းမှာ ကျန်းမာရေးဆိုးရွားလာခဲ့ပြီး ကိုဗစ်လည်းကူးစက်ခံရကာ ထောင်ပြင်ပ ဆေးရုံမှာ ကုသမှု ခံယူခဲ့ရပါသေးတယ်။

ဒေါက်တာဇော်မြင့်မောင် မကွယ်လွန်မီ နာရီပိုင်းအလိုတွင်မှ လွတ်ငြိမ်းသက်သာခွင့်ပေးအပ်ခဲ့ခြင်းမှာ စစ်မှန်သောသနားကြင်နာမှုမဟုတ်ကြောင်း အီးယူသံရုံးထုတ်ပြန်
▪️မတရားဖမ်းဆီး ထိန်းသိမ်းထားခြင်းခံရများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆို
ထားအိ/People’s Spring
အာဏာသိမ်းစစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင် မကွယ်လွန်မီ နာရီပိုင်းအလိုတွင်မှ လွတ်ငြိမ်းသက်သာခွင့်ပေးအပ်ခဲ့ခြင်းမှာ စစ်မှန်သော သနားကြင်နာမှုမဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံရုံးက ထုတ်ပြန်သည်။
ယနေ့(အောက်တိုဘာ ၇ရက်)နံနက်အစောပိုင်းတွင် ကွယ်လွန်ခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်သည် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လမ်းညွှန်ပေးခဲ့သည့် လူ့အခွင့်အရေးကို အထူးအလေးအနက်ထား ခုခံကာကွယ်ခဲ့သူတစ်ဦးဖြစ်ကြောင်း အီးယူသံရုံးက ဖော်ပြသည်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးသည် ဒေါက်တာဇော်မြင့်မောင်၏ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြသည်။
အသက်(၇၃)နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သူ ဒေါက်တာဇော်မြင့်မောင်သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုအပြီးတွင် စစ်အာဏာပိုင်းများက မမှန်ကန်သည့် နိုင်ငံရေးစွဲချက်များဖြင့် ထပ်မံဖမ်းဆီးခံရပြီး နှစ်ပေါင်းများစွာ လုံလောက်သည့် ဆေးကုသမှုကို မရရှိခဲ့ဘဲ ပြင်းထန်သော နာမကျန်းမှုဖြင့် ရုန်းကန်ခဲ့ရသည့် သူ၏ အကျဥ်းစံအခြေအနေသည် လွန်စွာ လူမဆန် ၊ အဆင့်နှိမ့်စွာ နေခဲ့ရကြောင်း အီးယူသံရုံးက ထုတ်ပြန်သည်။
ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၂၁ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရွေးကောက်ပွဲ ၄ကြိမ် ရွေးချယ်တင်မြှောက်ခံရပြီး ၂၀၁၅-၂၀၂၀ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
၁၉၉၀ အထွေထွေရွေးကောက်ပွဲအပြီးတွင် စစ်အစိုးရက တရားလက်လွတ်ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံခဲ့ရသည်။ ဒေါက်တာဇော်မြင့်မောင်သည် အကျဥ်းထောင်များအတွင်း နှစ်ပေါင်း ၂၀ခန့် ဖြတ်သန်းခဲ့ရကာ ၂၀၀၉ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။
ဥရောပသမဂ္ဂသည် မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာ ရပ်တည်လျက်ရှိပြီး ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေးတို့အတွက် မရှိမဖြစ် လိုအပ်ချက်များဖြစ်သည့် မတရားဖမ်းဆီး ထိန်းသိမ်းထားခြင်းခံရများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် တောင်းဆို တိုက်တွန်းကြောင်း ယနေ့ ထုတ်ပြန်သည်။

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှု ဥရောပ၊ ကနေဒါနှင့် ဗြိတိန်တို့က ဝမ်း နည်းကြေကွဲကြောင်း ထုတ်ပြန်ပြီး မတရားဖမ်းဆီးထားသူအားလုံး လွှတ်ရန်၊ အကြမ်းဖက်မှုများ ရပ်တန့်ရန် စစ်တပ်ကို တောင်းဆို
ရန်ကုန်၊ အောက်တိုဘာ ၇
အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသော NLD ပါတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုအပေါ် ဥရောပသမဂ္ဂ၊ ကနေဒါနှင့် ဗြိတိန်သံရုံးတို့က ဝမ်းနည်းကြေကွဲကြောင်းထုတ်ပြန်ပြီး မတရားဖမ်းဆီးထားသူအားလုံး လွှတ်ရန် တောင်းဆိုလိုက်ကြသည်။
ရန်ကုန်အခြေစိုက် ကနေဒါသံရုံးက မြန်မာစစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်း‌ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုကြောင့် ပူဆွေးဝမ်းနည်းနေကြသည့် မြန်မာပြည်သူများနှင့် ထပ်တူ ကနေဒါနိုင်ငံက ဝမ်းနည်းကြေကွဲရကြောင်း၊ မြန်မာစစ်တပ်ကို အကြမ်းဖက်မှုများအားလုံး ရပ်တန့်ရန်နှင့် မတရား သဖြင့် လက်လွတ်စပယ် ဖမ်းဆီးထားသူများ အားလုံးကို လွှတ်ပေးရန် ကနေဒါနိုင်ငံက ထပ်မံတောင်းဆိုကြောင်း ကြေညာသည်။
ရန်ကုန်မြို့မှ ဗြိတိန်သံရုံး အကြီးအကဲ Ken O’Flaherty ကလည်း အကျဉ်း ထောင် အတွင်း ဆေးကုသခွင့်မရဘဲ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုအတွက် ဝမ်းနည်းကြေကွဲရကြောင်း၊ နိုင်ငံရေးအကျဉ်းသား ၂၁၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်း ထားခြင်းမှာ အလွန်အကျဉ်းတန်ဆိုးရွားလှကြောင်း၊ မတရားဖမ်းဆီးထားသူများအားလုံးကို ချက်ချင်းလွှတ်ရန် တောင်းဆိုသည်။
“ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားကြောင်းကြားသိရတဲ့အတွက် အလွန်စိတ်မကောင်းဖြစ်မိပြီး မိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ဒေါက်တာဇော်မြင့်မောင်ရဲ့ ပံ့ပိုးကူညီမှုများကို အောက်မေ့ သတိရနေမှာဖြစ်ပြီး နာမကျန်း ဖြစ်နေစဥ်ကာလအတွင်း ဖမ်းဆီးခံထားရခြင်း အပါအဝင် သူ့ရဲ့ဘဝတစ်လျှောက်လုံး အချိန် ကြာမြင့်စွာ မတရားဖမ်းဆီးချုပ်နှောင်ခံထားခဲ့ရခြင်းကိုလည်း ဘယ်လိုမှ မေ့ပျောက်နိုင်မှာ မဟုတ်ပါဘူး။ အာ ဏာသိမ်းပြီးစဥ်ကတည်းက နိုင်ငံရေးအကျဥ်းသားစုစုပေါင်း ၂၁,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်း ခံထားရခြင်းမှာ အလွန်အကျည်း တန်ဆိုးရွားလှပါတယ်။ မြန်မာနိုင်ငံရှိ နိုင်ငံရေးသမားများဟာ မိမိတို့ယုံကြည်ရာကို ရပ်တည်ခြင်းအတွက် ကြမ်းတမ်းဆိုးရွားလှတဲ့ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရ ပါတယ်။ ဒေါက်တာဇော်မြင့်မောင်ကဲ့သို့ပင် နိုင်ငံရေးအကျဉ်းသားအများစုဟာ သင့်လျော်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဆေးကုသခွင့် မရရှိဘဲ ဆိုးရွားလှတဲ့ အခြေအနေမှာ ထိန်းသိမ်းခံထားကြရပါတယ်။ မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့ ယူကေက ထပ်လောင်း တောင်းဆိုလိုက်ပါတယ်။”ဟု ဗြိတိန်သံရုံး အကြီးအကဲ Ken O’Flahertyက ပြောဆိုထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံရုံးကလည်း ဒေါက်တာဇော်မြင့်မောင်သည် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းညွှန်ပေးခဲ့သည့် လူ့အခွင့်အရေးကို ခုခံကာကွယ်သူဖြစ်ပြီး ဒေါက်တာဇော်မြင့်မောင် မကွယ်လွန်မီ မကွယ်လွန်မီ နာရီပိုင်းအလိုတွင်မှ စစ်အစိုးရက သူ၏ လွတ်ငြိမ်းသက်သာခွင့်ကို ပေးအပ်ခဲ့ခြင်းသည် စစ်မှန်သော သနားကြင်နာမှု မဟုတ်ကြောင်း၊ မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း သတင်းထုတ်ပြန်သည်။
” အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ နှင့် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် သည် ၁၉၈၈ ခုနှစ်မှ ၂၀၀၉ ခုနှစ် အတွင်း ထောင်ဒဏ် (၁၉) နှစ် ကျခံ ခဲ့ရ ပြီး မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကို လမ်းညွှန်ပေးခဲ့သည့် လူ့အခွင့်အရေးကို အထူး အလေးအနက်ထား ခုခံကာကွယ်ခဲ့သူ တစ်ဦး ဖြစ်ပါသည်။ ဒေါက်တာဇော်မြင့်မောင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက် အာဏာသိမ်းမှုအပြီးတွင် စစ်အာဏာပိုင်များက မမှန်ကန်သည့် နိုင်ငံရေးစွဲချက်များဖြင့် ထပ်မံဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ နှစ်ပေါင်းများစွာ လုံလောက်သည့် ဆေးကုသမှုကို မရရှိခဲ့ဘဲ ပြင်းထန်သော နာမကျန်းမှုဖြင့် ရုန်းကန်ခဲ့ရသည့် သူ၏ အကျဥ်းစံအခြေအနေသည် လွန်စွာ လူမဆန် ၊ အဆင့်နှိမ့်စွာ နေခဲ့ရသည် ။ မကွယ် လွန်မီ နာရီပိုင်းအလိုတွင်မှ စစ်အစိုးရက သူ၏ လွတ်ငြိမ်းသက်သာခွင့်ကို ပေးအပ်ခဲ့ခြင်းသည် စစ်မှန်သော သနားကြင်နာမှု မဟုတ်ပါ ။ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးသည် ဒေါက်တာဇော်မြင့်မောင်၏ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါသည် ။ ဥရောပသမဂ္ဂသည် မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာ ရပ်တည်လျက်ရှိပြီး ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေးတို့အတွက် မရှိမဖြစ် လိုအပ်ချက်များဖြစ်သည့် မတရားဖမ်းဆီး ထိန်းသိမ်း ထားခြင်းခံရများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် တောင်းဆို တိုက်တွန်းအပ်ပါသည်။” ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံရုံးက ကြေညာသည်။
NLD ပါတီဒုတိယဥက္ကဋ္ဌနှင့် မန္တလေးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၃ နာရီအချိန် မန္တလေးဆေးရုံတွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ်ရှိနေပြီဖြစ်သည်။
.