အကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရ၍ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ကျဆုံးခဲ့ရခြင်းဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် ထုတ်ပြန်

by

in

အကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရ၍ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ကျဆုံးခဲ့ရခြင်းဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် ထုတ်ပြန်
ဇေအောင်/People’s Spring

အကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရရှိ၍ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အသိပေးထုတ်ပြန်သည်။
သွေးကင်ဆာဝေဒနာသည် အသက်(၇၃)နှစ် အရွယ် ဒေါက်တာဇော်မြင့်မောင်သည် အကျဉ်းထောင်အတွင်း ကျန်းမာရေးဆိုးရွာလာခဲ့ပြီးနောက် ယနေ့ (အောက်တိုဘာ၇)ရက်) နံနက် ၃ နာရီခန့်တွင် ကျဆုံးခဲ့ရသည်။
စစ်ကောင်စီသည် ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးအခြေအနေဆိုးရွားလာမှ ယမန်နေ့ (အောက်တိုဘာ ၆ရက်)တွင် လွတ်​ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့သည်။
စစ်ကောင်စီနှင့် အကျဉ်းဦးစီးဌာနအနေဖြင့် ဒေါက်တာဇော်မြင့်မောင် အကျဉ်းထောင်အတွင်းဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍ ကွယ်လွန်ခဲ့သည်ဟူသည့် သတင်းစကားများ မြန်မာပြည်သူများနှင့် ကမ္ဘာပြည်သူများထံ ပျံ့နှံ့သွားမည်ကို ကြိုတင်ကာကွယ်ရန် အတွက် သာ လွတ်ငြိမ်းသက်သာခွင့်ကို မကွယ်လွန်ခင်အချိန်အတွင်း လာရောက်ဖတ်ကြားခြင်းကြောင်း PPNMက ထုတ်ပြန်သည်။
ထောင်အတွင်း ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်နေထိုင်ရေး အပြည့်အဝမရခြင်း၊ သောက်သုံးရေများတွင် ခဲဓာတ်ပါဝင်မှုများပြားခြင်း၊ထောင်တွင်း ဆေးဝါးမလုံလောက်ခြင်းနှင့် အရေးပေါ်ဆေးဝါးကုသရမည့် နိုင်ငံရေးအကျဉ်းသားများကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ထောင်ပြင်ပဆေးရုံသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်ပေးခြင်းမရှိသောကြောင့် ဒေါက်တာဇော်မြင့်မောင်အပါအဝင် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများ မကျဆုံးသင့်ဘဲ ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း PPNMက အသိပေးသည်။
“ကျွန်တော်တို့ရဲဘော်တွေဟာ အကျဥ်းထောင်ထဲမှာ ကျဆုံးသွားကြရပြီ။ နောက်လူတွေထပ်မဖြစ်ဖို့ ကျွန်တော်တို့ကြိုးစားဖို့လိုအပ်တယ်။ အဲဒီအတွက် ICRC အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေအနေနဲ့၊ ကုလသမဂ္ဂအဖွဲ့အနေနဲ့ စစ်ကောင်စီနဲ့အကျဥ်းဦးစီးဌာနကို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ၊ ဖိအားပေးမှုတွေ ပြုလုပ်ပေးပါ။ နိုင်ငံရေးအကျဥ်းသားများ ချွင်းချက်မရှိ လွတ်မြောက်ရေးကို ဒီ့ထက်ပိုပြီးလက်တွေ့ကျတဲ့ ဖော်ဆောင်မှုတွေကို လုပ်ဆောင်ပေးပါလို့ ပြောချင်ပါတယ်။”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
၂၀၂၄ ဇန်နဝါရီမှ အောက်တိုဘာ ၇ရက်အတွင်း ထောင်တွင်းဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရရှိ၍ နိုင်ငံရေးအကျဉ်းသား ၁၁ဦးနှင့် နိုင်ငံရေးအကျဉ်းသူ၂ဦး စုစုပေါင်း ၁၃ဦး ကျဆုံးခဲ့ရကြောင်း PPNMက ထုတ်ပြန်ထားသည်။
ဒေါက်တာဇော်မြင့်မောင်၏ နာရေးအား မန္တလေးမြို့၊ ​ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်ရပ်ရှိ ၎င်းဖခင်၏နေအိမ်၌ ပြင်ဆင်ထားပြီး မနက်ဖြန် အောက်တိုဘာ၈ ရက် နံနက်၁၀ နာရီ၌ တောင်အင်းမြောက်အင်းသုဿန်၌ သင်္ဂြိုလ်မည်ဟု သတင်းရရှိသည်။
စစ်ကောင်စီ၏ ဖမ်းဆီးအကျဥ်းချထားမှုကြောင့် ကျဆုံးခဲ့ရသည့် ဒေါက်တာဇော်မြင့်မောင်၏ နာရေးသို့ စစ်ကောင်စီခန့်ထားသည့် မန္တလေးတိုင်းဝန်ကြီးချုပ်မျိုးအောင်နှင့်စစ်အုပ်စုက ယနေ့နံနက်ပိုင်းတွင် လာရောက်ခဲ့သည်။
စစ်ကောင်စီခန့်ဝန်ကြီးချုပ်မျိုးအောင်က ၎င်းသည် ဒေါက်တာဇော်မြင့်မောင်အား စိန်ပီတာကျောင်းသားဟောင်းတစ်ယောက်အနေဖြင့် နောက်ဆုံးဂါဝရပြုနူတ်ဆက်ကန်တော့ခြင်းဖြစ်ကြောင်း၊ မျက်နှာကြည်လင်စွာဖြင့် ဘဝကူးသွားသည့်အတွက် မြင့်မြတ်သောဘုံဘဝကို ရောက်ရှိသွားပြီဖြစ်ကြောင်း ယုံကြည်ပါသည်ဟု နာရေးဧည့်သည်တော်မှတ်တမ်း၌ ရေးသားသွားသည်။
“တော်တော်သောက်ခွက်ပြောင်တဲ့လူတွေ။”ဟု မန္တလေးမြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။
ဒေါက်တာဇော်မြင့်မောင်ကို ၁၉၅၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်တွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် မွေးဖွားခဲ့သည်။ မန္တလေးမြို့ စိန့်ပီတာကျောင်း (အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း)တွင် အထက်တန်းအောင်မြင်ခဲ့သည်။၁၉၇၉ ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့သည်။ယင်းနောက် စစ်ကိုင်းတိုင်းရှိ ရွာသစ်ကြီးဆေးရုံတွင် အလုပ်လုပ်ကိုင်ခဲ့သလို ၁၉၈၃ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မန္တလေးဆေးတက္ကသိုလ်တွင် ဇီဝဓာတုဗေဒသရုပ်ပြအဖြစ် လုပ်ကိုင်ခဲ့သည်။
၁၉၈၈ ခုနှစ်၌ နိုင်ငံရေးလောကထဲသို့ စတင်ဝင်ရောက်ခဲ့သည်။၊ ၁၉၉၀ ရွေးကောက်ပွဲတွင် အမရပူရမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု အမတ်အဖြစ်ရွေးကောက်တင်မြှောက်ခြင်း ခံရသည်။ သို့သော် စစ်တပ်၏ ဖမ်းဆီးခြင်းခံရပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရသည်။
ရန်ကုန်တက္ကသိုလ် (၇၅)နှစ်မြောက် နှစ်ပတ်လည်တွင် မဂ္ဂဇင်းထုတ်ဝေခဲ့မှုကြောင့် ၁၉၉၆ ခုနှစ် မတ်လတွင် ၁၉၅၀ အရေးပေါ်အက်ဥပဒေဖြင့် နောက်ထပ် ၇ နှစ် ထပ်မံချမှတ်ခံခဲ့ရသည်။
မြစ်ကြီးနား အကျဉ်းထောင်တွင် စုစုပေါင်း ၁၉ နှစ် ထောင်ဒဏ်ကျခံခဲ့ရပြီး၂၀၀၉ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် လွတ်မြောက်လာခဲ့သည်။ထို့နောက် ကြားဖြတ် ရွေးကောက်ပွဲ၊ ၂၀၁၂တွင် ကျောက်ပန်းတောင်မြို့နယ် ကိုယ်စားပြု၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။
၂၀၁၅တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အတွက် အမရပူရမြို့နယ် ကိုယ်စားပြုရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရကာ ထိုမှတဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
၂၀၂၁ခုနှစ် အာဏာသိမ်းချိန်တွင် ထပ်မံဖမ်းဆီးခံရပြီး စစ်တပ်ကအမှူပေါင်းများစွာဖြင့် မတရားပုဒ်မတပ်၍ မန္တလေး အိုးဘိုထောင်၌ ထောင်ဒဏ် ၂၉ နှစ်ချခံခဲ့ရသည်။
(ဒေါက်တာဇော်မြင့်မောင်၏ နာရေးအားပြင်ဆင်ထားစဥ်။ ဓာတ်ပုံ-CJ)