မြန်အောင်တွင် ခလရ ၅၁ တပ်နှင့် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်းနှင့်ငွေကြေးတောင်းခံမှုများ လုပ်ဆောင်နေ၊ အုတ်ဖိုတွင်လည်း ပေါ်တာဆွဲမှုနှင့် ငွေတောင်းမှုများ ဖြစ်နေ

by

in

မြန်အောင်တွင် ခလရ ၅၁ တပ်နှင့် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်းနှင့်ငွေကြေးတောင်းခံမှုများ လုပ်ဆောင်နေ၊ အုတ်ဖိုတွင်လည်း ပေါ်တာဆွဲမှုနှင့် ငွေတောင်းမှုများ ဖြစ်နေ
ရန်ကုန်၊ အောက်တိုဘာ ၇
ဧရာ၀တီတိုင်း၊ မြန်အောင်မြို့နယ်တွင် ခလရ ၅၁ တပ်မှ စစ်သားများနှင့် ရပ် ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ လူ ငယ် များကို ပေါ်တာဆွဲဖမ်းဆီးခြင်းနှင့် ငွေကြေးတောင်းခံမှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
စက်တင်ဘာလ နှောင်းပိုင်းနှင့် အောက်တိုဘာလဆန်းပိုင်းတွင် ဧရာဝတီတိုင်း မြန်အောင်မြို့နယ်၊ထူအုပ်စု၊ ထူရွာသစ်ကုန်းတွင် ကျေးရွာအုပ်ချုပ်ရေးမှုး အေးလွင်က မြန်အောင်မြို့ပေါ် ခလရ ၅၁ ခလရ တပ်ရင်းမှ စစ်သားများကို ခေါ်ယူ၍ ကျေးရွာအတွင်း လူငယ်များကို စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ ငွေကြေးတောင်းခံမှုများ လုပ်ဆောင်နေခြင်း လုပ် ဆောင်လျက်ရှိကြောင်း၊ ပြည်ပနှင့်နယ်ဝေးမှ ပြန်လာသူများရှိပါက ချက်ချင်း သတင်းပို့ရန်၊ စစ်မှုထမ်းရန်အတွက် လူငယ်များ စာရင်းပေးကြရန်၊ စစ်မှုထမ်းသူများကို ထောက်ပံ့ကြေးအဖြစ် လစဉ် ငွေကြေးထည့်ဝင်ကြရန် လော်စပီကာ အသံချဲ့စက်ဖြင့် ပြည်သူများကို ခြိမ်းခြောက်နေကြောင်း သိရှိရသည်။
“ထူရွာသစ်ကုန်းရွာမှာ ဒီရက်ပိုင်း ထိုင်းကနေ ပြန်လာသော လူငယ်တစ်ဦးကို ‌ပြန်ရောက်တာကို အုပ်ချုပ်ရေးမှူးက သူ့ဆီ သတင်းမပို့လို့ဆိုပြီး ချက်ချင်းအိမ်မှာ သွားဖမ်းပြီး စစ်ထဲထည့်တယ်။ မြန်အောင်မှာက ခလရ ၅၁ နဲ့ပေါင်းပြီး ရွာအုပ်ချုပ်မှူးတွေ အတော်သောင်းကျန်းနေတယ်။ ထူရွာသစ်ကုန်း အုပ်ကြီး အေးလွင်ကတော့ အဆိုးဆုံးပဲ။ ငွေလည်းခြိမ်းခြောက်တောင်းတယ်။ စစ်တပ် ကျောထောက်နောက်ခံပေးတာတော့ ပြည်သူကို ရမ်းကားနေတာ။ ပေါ်တာဆွဲတာတွေလည်း တောက်လျှောက် ဖြစ်နေတယ်” ဟု ဒေသပြည်သူက ရှင်းပြသည်။
အလားတူ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့ပေါ်တွင်လည်း စစ်မှုထမ်းထောက်ပံ့ကြေးဟုဆိုကာ စစ်တပ်နှင့်အုပ်ချုပ်ရေးမှူးများက ငွေကြေး အတင်းအကျပ် ကောက်ခံနေမှုများ၊ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ တောက်လျှောက် ဆိုသလို ဖြစ်ပွားလျက်ရှိကြောင်း၊ ယခုအခါ အိုးသည်ကုန်းမြို့မှ လုပ်ငန်းရှင်တချို့ကပါ အုပ်ချုပ်ရေးမှူးနှင့်စစ်တပ်၏ လက် အောက်သို့ ဝင်ရောက်၍ ငွေကြေးထောက်ပံ့မှုများ လုပ်ဆောင်လာကြောင်း သိရှိရသည်။
“အိုးသည်ကုန်းမြို့မှာ လုပ်ငန်းရှင်တွေဖြစ်တဲ့ ကျင်းကော့ကြီး၊ ဝင်းကိုကြီး ဇေယျာအောင်တို့က ဦးဆောင်ပြီးတော့ စစ်တပ်၊ အုပ်ချုပ်ရေးမှူးပေါင်းတယ်။ ပြီးတော့ အိုးသည်ကုန်းမြို့ပေါ် ၄ ရပ်ကွက်ပြည်သူတွေဆီကနေ ငွေတွေ လိုက်ကောက်တယ်။ စစ်မှုထမ်းတွေအတွက်ဆိုပြီး သိန်း ၁၀၀ ကျော် ကောက်ခံရရှိတယ်။ အဲဒါကို သူတို့ လုပ်ငန်းတွေ အဆင်ပြေစေဖို့ စစ်တပ်ကို သွားထောက်ပံ့ကြတယ်။ ပေါ်တာဆွဲ ဖမ်းဆီးတာတွေလည်း အတော်ကို ဖြစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
ဓာတ်ပုံ- မြန်အောင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်မှုထမ်းကြရန် စစ်ကောင်စီက ဖိအားပေးနေစဉ်။