မြို့သာစက်မှုဇုန် ကွတ်ကီးစက်ရုံထဲ ဓားပြဝင်တိုက်လို့ ငွေသိန်း ၃၀၀နဲ့ ကားတစီးပါသွား

by

in

မြို့သာစက်မှုဇုန် ကွတ်ကီးစက်ရုံထဲ ဓားပြဝင်တိုက်လို့ ငွေသိန်း ၃၀၀နဲ့ ကားတစီးပါသွား
အောက်တိုဘာ ၅ – ၂၀၂၄
GG (VOM)
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မန္တလေး – မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းထဲက Myanmar Ding Wang ဒင်းဝမ်ကွတ်ကီး စက်ရုံအတွင်းကို လက်နက်ကိုင်ဆောင်ထားသူတွေဝင်ရောက်လာပြီး ဓားပြတိုက် မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ဖြစ်စဥ်က ဒီနေ့အောက်တိုဘာလ ၅ ရက်နေ့မနက်အစောပိုင်း ၇ နာရီလောက်မှာ စက်ရုံတွင်းကို လက်နက်ကိုင်ထားတဲ့အမည်မသိ အမျိုးအသား ငါး ယောက်ရောက်လာပြီး သေနတ်ပြခြိမ်းခြောက်ကာ ဝန်ထမ်းတွေကိုလစာပေးဖို့သိမ်းထားတဲ့ငွေသား သိန်း၃၀၀ နဲ့အတူကားတစီးကိုပါ ယူသွားတယ်လို့သိရပါတယ်။
” ဆိုင်ကယ်က သုံး စီးနဲ့ စက်ရုံ ကိုရောက်လာတယ်။သူတို့မှာကသေနတ်က အတို ၂ လက်၊ အရှည် ၁ လက်ပါတယ်၊ ဝန်ထမ်းတွေလည်းရှိပေမယ့် သူတို့ကသေနတ်နဲ့ဆိုတော့ ဘယ်သူမှမလှုပ်ရဲဘူးလေ။ ပိုက်ဆံတွေက ဝန်ထမ်းတွေကို လစာပေးမယ့်ငွေတွေပေါ့၊ ကားကလည်းစက်ရုံပိုင်ကားပါပဲ။ လူတွေကိုတော့ပစ်ခတ်သွားတာမရှိဘူး။အခုတော့ဒီအခြေနေပဲသိရသေးတယ်။ ” လို့ စက်ရုံနဲ့နီးစပ်သူ ငါးဇွန်ဒေသခံတယောက်ကပြောပါတယ်။
စက်ရုံတွင်း ဓားပြတိုက်မှုဖြစ်ပွားပြီးနောက်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေပြုလုပ်ခဲ့သလို ဓားပြတိုက်သူတွေကို လိုက်လံ ရှာဖွေခဲ့ပေမယ့် ခုချိန်ထိတော့ဖမ်းဆီးရမိခြင်းမရှိဘူးလို့သိရပါတယ်။
အခု ဓားပြတိုက်ခံရတဲ့ ဒင်းဝမ်ကွတ်ကီးစက်ရုံကတော့ တရုတ်-မြန်မာဖက်စပ်ဆောင်ရွက်နေတဲ့ လုပ်ငန်းတခုဖြစ်တယ်လို့သိရပါတယ်။
ဇွန်လ ၁၉ ရက်နေ့ ညနေ ၄ နာရီခွဲလောက်ကစစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁)မှာ ဓားပြတိုက် ခံရပြီး ငွေသိန်း ၃၀၀၀ ကျော်ပါသွားမှုရှိ ခဲ့တယ်လို့သိရပါတယ်။
မတ်လ ၁၃ ရက်နေ့တုန်းကလည်း စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ရုံကြီးရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း မှာရှိတဲ့ အစိုးရပိုင် အင်းဝဘဏ်က ဘဏ်မန်နေဂျာအမျိုးသမီး အဖမ်းခံရတဲ့အပြင် ငွေကျပ်သိန်း ၃၀၀ ဓားပြတိုက် ခံခဲ့ရပါတယ်။
Photo:CJ