တောင်းခမ်းနှင့် သီပေါတွင် တိုက်ပွဲပြင်းထန်နေ ◾️နှစ်ဖက်ထိခိုက်မှုရှိပြီး စစ်ကောင်စီတပ် ထိခိုက်မှုပိုများဟု TNLAပြော

by

in

တောင်းခမ်းနှင့် သီပေါတွင် တိုက်ပွဲပြင်းထန်နေ

◾️နှစ်ဖက်ထိခိုက်မှုရှိပြီး စစ်ကောင်စီတပ် ထိခိုက်မှုပိုများဟု TNLAပြော

ဒီးဒီ၊သတိုး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီ၏ မစခ-၉၀၂နှင့် သီပေါမြို့ရှိ ခလရ (၂၃)တပ်ရင်းတွင် တိုက်ပွဲပြင်းထန်နေကြောင်း တအာင်းတပ်မတော် (TNLA)၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက People’s Springသို့ ပြောသည်။

“တိုက်ပွဲကတော့ ပြင်းထန်နေပါတယ်။ နောင်ချိုမှာရှိတဲ့ ၉၀၂ မှာလည်းပြင်းထန်နေသလို သီပေါမှာရှိတဲ့ ခလရ(၂၃)မှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်”ဟု လွေးယေဦးက ပြောသည်။

နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌ရှိသော တောင်းခမ်းကျေးရွာ၌ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ (၂၀၆)၊ အမတ(၄၀၆)တို့ တည်ရှိသည်။ မစခ-၉၀၂ သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) နယ်မြေအတွင်း တစ်ခုတည်းသော အမြောက်တပ်ကွပ်ကဲမှုဌာနချုပ်ဖြစ်ပြီး ၎င်း၏ လက်အောက်တွင် အမြောက်တပ်ရင်း ၁၃ ရင်းရှိသည်။

TNLA က အမတ(၄၀၆)နှင့် အမတ(၂၀၆)တို့ကို ပြီးခဲ့သည့် သြဂုတ် ၂၈ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း နောက်တစ်ရက်တွင် ထုတ်ပြန်ထားသည်။ ထို့ကြောင့် လက်ကျန်ဖြစ်သော မစခ-၉၀၂နှင့် အမတ(၃၅၄)တပ်ရင်းနှစ်ခုကို TNLA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

” တောင်ခမ်းမှာတော့ မနေ့ကတတ်လာတဲ့ သတင်းအရဆိုရင်တော့ ၉၀၂ မှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ကျန်တဲ့ဒေသတွေကတော့ တိုက်ပွဲဖြစ်ပွားခြင်းတော့ တတ်လာတာမတွေ့ရသေးဘူး။ လက်ရှိမှာတော့ ၉၀၂ မှာတော့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေ မျိုးဖြစ်ပါတယ်”ဟု လွေးယေဦးက ပြောသည်။

တောင်းခမ်းရွာသည် နောင်ချိုမြို့မှ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့သို့သွားသောလမ်းပိုင်းပေါ်တွင်တည်ရှိပြီး နောင်ချိုမြို့မှ ဆုတ်ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများက အဆိုပါရွာ တပ်စခန်း၌ အထိုင်ချထားသည်။ ထို့အပြင် ရှမ်းတောင်မှ အင်အားဖြည့်တင်းသော စစ်ကောင်င်္စတပ်သားများအပြင် ရဟတ်ယာဉ်ဖြင့် ပို့ဆောင်သော စစ်ကောင်စီတပ်သားများလည်း ရှိနေသည်။ ထိုမှတဆင့် နောင်ချိုနှင့် သီပေါမြို့များအား ပြန်လည်သိမ်းပိုက်ရန် စစ်ကောင်စီက ပြင်ဆင်နေခြင်းဖြစ်သည်။

“တောင်းခမ်းဘက်က လူတွေကတော့ နောင်ချိုကို စျေးဝယ်လာကြတာရှိတယ်။ တိုက်ပွဲအခြေအနေတော့ မမေးမိဘူး”ဟု နောင်ချိုဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် သီပေါမြို့ရှိ စစ်ကောင်စီ၏ ခလရ (၂၃)တွင် တိုက်ပွဲပြင်းထန်နေကြောင်း လွေးယေဦးက ပြောသည်။

“လက်ရှိကျွန်မတို့ရထားတဲ့ စာရင်းအရဆိုရင်တော့ သီပေါမှာရှိတဲ့ ခလရ (၂၃)ဆို တော်တော်ကိုလူဦးရေအားဖြင့်‌ တော့‌ နှစ်ရာကျော်ကျော်လောက်ရှိမယ်ထင်တယ်။ တောင်းခမ်းမှာတော့ နှစ်ရာဝန်းကျင် သုံးရာထဲမှာရှိမှာဖြစ်တယ်”ဟု ၎င်းက ဆက်ပြောသည်။

သီပေါမြို့အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ(၅၀၃)နှင့် ခမရ(၅၀၄)တပ်ရင်းအား စက်တင်ဘာ ၂၇ရက်တွင် TNLAက သိမ်းပိုက်ရရှိပြီဟု သတင်းထွက်ပေါ်နေမှုနှင့်ပတ်သက်ပြီး မေးမြန်းရာ “အဲဒီလိုတော့ ကျွန်မဆီမှာ သတင်းတတ်လာတာမတွေ့ရသေးပါဘူး”ဟု လွေးယေဦးက ပြောသည်။

တောင်းခမ်းနှင့် သီပေါမြို့ တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်မှုရှိရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုပိုများသည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က နောင်ချိုနှင့် သီပေါမြို့အား တိုက်ပွဲဖြစ်ရာနေရာများတွင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုရှိပြီး လားရှိုးမြို့ကိုမူ အရပ်သားပြည်သူများနေထိုင်ရာ နေရာများကိုပါ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေသည်ဟု TNLAက ပြောသည်။

(​ရှေ့တန်းတစ်​နေရာမှ TNLA တပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-TNLA)