မြောက်ဥက္ကလာတွင် မုဒိမ်းမှု ဖြစ်ပွားမှုကို ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးထွန်းထွန်းဦးက လျှော်ကြေးပေး အမှုကျေအေးခိုင်းပြီး မုဒိမ်းတရားခံကျော်စွာကို ကယ်ထုတ်

by

in

မြောက်ဥက္ကလာတွင် မုဒိမ်းမှု ဖြစ်ပွားမှုကို ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးထွန်းထွန်းဦးက လျှော်ကြေးပေး အမှုကျေအေးခိုင်းပြီး မုဒိမ်းတရားခံကျော်စွာကို ကယ်ထုတ်
ရန်ကုန်၊ အောက်တိုဘာ ၅
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြောက်ဥက္ကလာတွင် မုဒိမ်းမှု ဖြစ်ပွားမှုကို ရပ်ကွက် အုပ်ချုပ်ရေးမှူးက လျှော်ကြေးပေး အမှုကျေအေးပြီး တရားခံကို ကယ်ထုတ်မှုဖြစ်ပွားကြောင်း သိရှိရသည်။
မြောက်ဥက္ကလာ အမှတ် ၂ ရပ်ကွက် ၊ သုမာလာ ၄ လမ်းတွင် နေထိုင်သည့် ကျော်စွာဆိုသူက မြောက်ဥက္ကလာပ ၁ ရပ်ကွက် အမျိုးသမီး (အမည်ဖော်ပြရန် မသင့်၍ မဖော်ပြပါ) ၁ ဦးကို မုဒိမ်းမှု ကျူးလွန်ခဲ့ကြောင်း၊ ယင်းနောက် သက်ဆိုင်ရာသို့ တိုင်ကြားသဖြင့် တရားခံ ကျော်စွာကို အမှုဖွင့် ဖမ်းဆီးခဲ့ကြောင်း၊ သို့ရာတွင် အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ထွန်းထွန်းဦးက မုဒိမ်းမှုကို လျှော်ကြေးပေး၍ ကျေအေးရန် ကျူးလွန်ခံရသူများကို ဖိအားပေးခြိမ်းခြောက်ခဲ့ကြောင်း၊ ယင်းနောက် လျှော်ကြေးပေးခဲ့ပြီး အမှုကို ပိတ်သိမ်းကာ တရားခံ ကျော်စွာကို အာမခံဖြင့် ခေါ်ထုတ် ကယ်ထုတ်ခဲ့ကြောင်း သိရှိရသည်။
“မုဒိမ်းတရားခံ ကျော်စွာနဲ့ ၂ ရပ်ကွက် အုပ်ကြီးက သောက်ဖော်သောက်ဖက်၊ အပေါင်းအသင်းပေါ့။ အဲဒီတော့ အုပ်ကြီး ထွန်းထွန်းဦးက ကျူးလွန်ခံရတဲ့ မိသားစုကို ဖိအားပေးခြိမ်းခြောက်ပြီးတော့ လျှော်ကြေးယူခိုင်းတယ်။ ပြီးတော့ အမှုကို ပိတ်ဖို့လုပ်ပြီး တရားခံကျော်စွာကို အာမခံနဲ့ ထုတ်သွားတယ်။ အုပ်ကြီးနဲ့ လူမိုက်တွေက အဲဒီလို ထင်ရာစိုင်းနေတော့ ပြည်သူတွေမှာ ကယ်ကူရာမဲ့ပါပဲ” ဟု ဒေသညြ်သူတစ်ဦးက ပြောဆိုသည်။
မြောက်ဥက္ကလာ ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူး ထွန်းထွန်းဦးသည် စစ်တပ်အတွက် အဓိက အလုပ်လုပ်နေသူဖြစ်ပြီး စစ်ကောင်စီအတွက် စစ်သားစုဆောင်းရာတွင်လည်း အလွန်တက်ကြွစွာ ဆောင်ရွက်သဖြင့် စစ်တပ်၏ မျက်နှာသာပေးမှုကို ရယူထားသူဖြစ်ကြောင်း၊ ထို့ကြောင့် စစ်တပ်၏ ကျောထောက်နောက်ခံမှုဖြင့် ပြည်သူများအပေါ် အနိုင်ကျင့် ဆိုးသွမ်းနေသူလည်းဖြစ်ကြောင်း သိရှိရသည်။
အုပ်ကြီးထွန်းထွန်းဦး နှင့် လူမိုက်မဲလုံး တို့အဖွဲ့သည် ပြည်သူများကို စစ်မှုထမ်းရန် အတင်းအဓမ္မစုဆောင်းခြင်းများ လုပ် ဆောင် သည့်အပြင် ပြည်သူများကို အဆမတန် ငွေတောင်းခြင်းများ၊ လူငယ်များကို ရိုက်နှက် အနိုင်ျင့်မှုများလည်း ကျူးလွန်နေကြောင်း သိရှိရသည်။