ဧရာဝတီတိုင်းတွင် စစ်တပ်လုံခြုံရေးအစောင့်အရှောက်များစွာဖြင့် သန်းခေါင်းစာရင်းကောက်ယူ

by

in

ဧရာဝတီတိုင်းတွင် စစ်တပ်လုံခြုံရေးအစောင့်အရှောက်များစွာဖြင့် သန်းခေါင်းစာရင်းကောက်ယူ
ဧရာဝတီတိုင်းမ်

အောက်တိုဘာ ၄ ရက်
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်တပ်လုံခြုံရေးအစောင့်အရှောက်များစွာဖြင့် သန်းခေါင်းစာရင်းကောက်ယူနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
သန်းခေါင်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းကစတင်ကာ စတင်ကောက်ယူနေခြင်းဖြစ်သည်။
“သန်းခေါင်စာရင်းကောက်ဖို့ဆိုပြီး နယ်ဘက်ကို စစ်သားတွေအများကြီးကို ကားနဲ့လွှတ်ထားတာ စက်တင်ဘာလကုန်ကတည်းက လွှတ်ထားတာ။ ကျွန်မတို့အိမ်တွေတော့ စာရင်းကောက်ပြီးသွားပီ”ဟု လေးမျက်နှာမြို့နယ် ခမောက်အုပ်စုရှိ အသက် ၅၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ သန်းခေါင်စာရင်းကောက်ယူရာတွင် စစ်ကောင်စီတပ်သားများ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရေး၊ ရာအိမ်မှူး၊ မီးသတ်တပ်ဖွဲ့ဝင်များအပြင် ပြည်သူ့စစ်တို့ ပါဝင်ကြောင်းသိရသည်။
“ ဧည့်စာရင်းလာကောက်မယ် အိမ်မှာလူတစ်ယောက် စောင့်နေပါဆိုလို့ စောင့်နေရတယ်။ အခြားဒေသတွေနဲ့မတူဘူးလေ ဘာဖြစ်ဖြစ်လာတောင်းတော့လည်း ပေးနေရတာပါပဲ။ ဘာပဲလုပ်လုပ် သေနတ်တကားကားနဲ့ စစ်သားတွေက အမြဲပါနေတာပါပဲ” ဟု မြန်အောင်မြို့နယ်တွင် နေထိုင်သည့် အသက်၆၀ ကျော်အမျိုးသမီးကြီးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်အတွင်းကစတင်ကာ Non-CDM ကျောင်းဆရာ၊ ဆရာမ များအား တစ်သုတ်လျှင်လူဦးရေ ၃၀ဦးနှုန်းဖြင့် အသုတ်လိုက်ခွဲကာ လူဝင်မှုကြီးကြပ်ရေးရုံးများတွင် သန်းခေါင်စာရင်းကောက်ယူရန်အတွက် ရက်တိုသင်တန်းများပေးခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီက ထိုသို့သန်းခေါင်စာရင်း ကောက်ယူမှုကို အောက်တိုဘာ ၁ ရက်မှစတင်ပြီး လာမည့် အောက်တိုဘာလ ၁၅ ရက်အထိ ကောက်ယူရန် ကြေညာထားခြင်းလည်းဖြစ်သည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းအတွင်း သန်းခေါင်စာရင်းကောက်ယူနေပုံ
#ဧရာဝတီတိုင်း #လေးမျက်နှာ #မြန်အောင် #စစ်ကောင်စီ #စစ်ကောင်စီတပ်သားများ #သန်းခေါင်စာရင်း
#Ayeyarwaddy_Times