သန်းခေါင်စာရင်းကောက်ဖို့ လုံးပန်းနေတဲ့ ပျူခေါင်းဆောင်တစ်ဖြစ်လဲ အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရချိန် သေနတ်လုလို့ ပစ်ခတ်ရှင်းလင်းခံရ

by

in

သန်းခေါင်စာရင်းကောက်ဖို့ လုံးပန်းနေတဲ့ ပျူခေါင်းဆောင်တစ်ဖြစ်လဲ အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရချိန် သေနတ်လုလို့ ပစ်ခတ်ရှင်းလင်းခံရ
အောက်တိုဘာ ၄၊ ၂၀၂၄
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္ထရာမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ဖို့ လုံးပန်းနေတဲ့ နန်ကြူရွာ၊ အုပ်ချုပ်ရေးမှူးဆိုသူကို ဖမ်းဆီးလာရင်း သေနတ်လုဖို့ကြိုးစားတာကြော င့်နေရာတင်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူထံက သိရပါတယ်။
အောက်တိုဘာ ၁ရက်၊ ညပိုင်းက စေတုတ္ထရာမြို့နယ်၊ နန်ကြူရွာ အုပ်ချုပ်ရေးမှူးတစ်ဖြစ်လဲ ပျူစောထီးခေါင်းဆောင်ဖြစ်သူ မုန်တိုင်းကို အပြစ်ပေးအရေးယူနိုင်ဖို့ ပကဖ တပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် အုပ်ချုပ်ရေးမှူး မုန်တိုင်းကို နောက်လိုက်ပျူစောထီးတပ်ဖွဲ့ဝင်တွေက လိုက်လံကယ်တင်ဖို့ကြိုးစားကြပြီး မုန်တိုင်းကိုယ်တိုင်ကလည်း ပကဖတပ်ဖွဲ့ဝင်တွေဆီက သေနတ်လုခုခံတဲ့အတွက် နေရာတင်ပစ်ခတ်ရှင်းလင်းထားခဲ့ရတယ်လို့ စေတုတ္တရာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
” ၁ရက်နေ့၊ ည၉နာရီကျော်လောက်မှာအလစ်ဝင်ဖမ်းခဲ့တာပါ။ ရွာကအမြန်ထွက်ခဲ့ရတယ်။ အဲ့ဒါ ရွာနဲ့ ၃ကီလိုအကွာလောက်ရောက်တော့ နောက်ကနေ သူ့အဖွဲ့ တွေ သေနတ်ဖောက်ပြီး လိုက်လာကြတာ သိလိုက်ရတယ်။ သူ့လူတွေ သေနတ်သံကြားတော့ ကျနော်တို့ရဲဘော်ရဲ့သေနတ်ကိုလုပြီး ခုခံဖို့ကြိုးစားတယ်။ အဲ့မှာ ပစ်ခတ်ရှင်းလင်းခဲ့လိုက်တာပါ။” လို့ စေတုတ္ထရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ၁ယောက်က မောင်းကိုပြောပါတယ်။
ပစ်ခတ်ရှင်းလင်းခံရတဲ့ နန်ကြူရွာ အုပ်ချုပ်ရေးမှူးတစ်ဖြစ်လဲ ပျူစောထီးခေါင်းဆောင်ဖြစ်သူ မုန်တိုင်းဟာ မြို့နယ်အဆင့် ပျူစောထီးတစ်ယောက်ဖြစ်ပြီး စစ်ကောက်စီအတွက်သန်းခေါင်စာရင်းကောက်ယူနိုင်ဖို့ နန်ကြူရွာတိုက်နယ်ထဲပါတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့အတူ လုံးပန်းနေသူလည်းဖြစ်တယ်လို့ သိရပါတယ်။
“ဒီလူက ဂန့်ဂေါနဲ့ မင်းဘူး ခရိုင်ချင်းဆက် လမ်းတစ်ကြောက ရွာတွေကို သြဇာရှိတယ်။ ၂ရက်နေ့မှာ သန်းခေါင်စာရင်းကိစ္စနဲ့ အဲ့ခရိုင်ချင်းဆက်ရွာတွေက အုပ်ချုပ်ရေးမှူးတွေကို ဆင့်ခေါ်ထားတာပေါ့။ အဲ့နေမတိုင်ခင်ညမှာ ကျနော်တို့က ဝင်ဖမ်းပြီးရှင်းခဲ့တာပါ။ ကပစ ၂၀ တို့ ကပစ ၂၅ တို့က စခတွေလည်း ဒီရွာကို မကြာမကြာ လာကြတယ်။ အနီးအနားရွာတွေထဲ သူက သြဇာရှိတဲ့သဘောပေါ့။ သူ့ကိုဖမ်းတော့စစ်ကောင်စီနဲ့ပတ်သက်ထားတဲ့ အချက်အလက်မှတ်တမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။ နောက်သူ့မှာ စစ်တပ်ကပေးထားတဲ့ သေနတ်ရှိတယ်။ သူ့ကိုဖမ်းလာပြီးစစ်တော့ ပြန်အပ်လိုက်တာ ၄လလောက်ရှိပြီဆိုပြီး လိမ်သေးတယ်။” လို့ စေတုတ္ထရာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိမှာ စေတုတ္ထရာမြို့နယ် တောင်ပိုင်းမှာ စစ်အုပ်စုတွေခေါင်းဆောင်ပြီး ရွာ၅ရွာအထိ သန်းခေါင်စာရင်းလိုက်လံကောက်ခံနေကြပြီဖြစ်သလို ကျန်ရှိနေတဲ့ နန့်ကြူရွာအပါအဝင် ခရိုင်ချင်းဆက်ရွာတွေအတွက် အခုလိုမျိုးဟန့်တားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
စေတုတ္ထရာမြို့နယ်နည်းတူ ပွင့်ဖြူ၊ စလင်း၊ ငဖဲတဲ့ မင်းဘူးခရိုင်ထဲက မြို့နယ်တွေမှာလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပြင်းပြင်းထန်ထန်သတိပေးထားတဲ့ကြားက သန်းခေါင်စာရင်းကောက်ယူတာတွေ ရှိနေပြီလို့ သက်ဆိုင်ရာကာကွယ်ရေးအဖွဲ့တွေကအတည်ပြုပြောဆိုထားပါတယ်။
ပုံစာ – စေတုတ္တရာမြို့နယ်ထဲ သန်းခေါင်စာရင်းကောက်ယူနေတဲ့ စစ်အုပ်စု

တံတားဦးမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ကြီး အသတ်ခံရ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ညောင်ပင်သာကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာ ၂ ရက်က တံတားဦးမြို့နယ်၊ ညောင်ပင်သာကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကုလားအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ၎င်းနေအိမ်သို့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(စက်တင်ဘာ၃ရက်) နံနက်ပိုင်းတွင် အုပ်ချုပ်ရေးမှူး ဦးကုလား၏ ရုပ်အလောင်းအား ညောင်ပင်သာကျေးရွာအဝင်လမ်းဘေး၌ တွေ့ရှိခဲ့ရကြောင်း ဒေသခံများက ပြောသည်။

တံတားဦးမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများသည် စစ်မှူထမ်းရန်လူငယ်များအား လစဥ် ရှာဖွေပေးလေ့ရှိကြောင်း တံတားဦးမြို့ခံများက ဆိုသည်။

“ကျွန်တော်တို့တံတားဦးက တအားအခြေအနေ ဆိုးတယ်။ စစ်မှုထမ်းဖို့လည်း ခဏခဏဖမ်းတယ်။ နိုင်ရာဖိတာ။ ပြီးတော့ လေကြောင်းပစ်ပြီဆိုလည်း တံတားဦးကတက်လာတဲ့လေယာဥ်ဆိုပြီး နာမည်ဆိုးကြီး ကျန်ခဲ့တယ်။”ဟု တံတားဦးဒေသခံလူငယ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်နှင့် စက်တင်ဘာအတွင်းကလည်း တံတားဦးမြို့နယ်မှ လူငယ် ၁၀၀ကျော် စစ်မှုထမ်းရန်အတွက် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သေးသည်။

တံတားဦးမြို့နယ်သည် စစ်ရေးအရပြင်းထန်နေသော မြင်းခြံခရိုင်​အတွင်းရှိ ဒေသများနှင့် နယ်မြေချင်းထိဆက်နေသည်။

ပေါက်ခေါင်းမြို့နယ်တွင် စစ်မှုထမ်းစုဆောင်းနေသော ဆင်ခေါင်းကျေးရွာ ရာအိမ်မှူး တင်ဆန်း ပစ်ခတ်ခံရပြီး သေဆုံး ၊ ငါန်းဇွန်တွင်လည်း ကြံ့ဖွတ်ပါတီဝင် ၂ ဦးပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၄
ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ဆင်ခေါင်းအုပ်စု ကြံ့သေကျေးရွာနေ ရာအိမ်မှူးတင်ဆန်းသည် အကြမ်းဖက်စစ်ကောင်စီအတွက် စစ်မှုထမ်းစု ဆောင်းရာတွင် အားတက်သရော လုပ်ဆောင်နေသည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ PDF တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ PDF တပ်ရင်း၊ လှုပ်ရှားပြောက်ကျားတပ်ဖွဲ့က ကြံ့သေရွာထိပ်တွင်ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်ပြီး နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။
ရာအိမ်မှူးတင်ဆန်းသည် အကြမ်းဖက်စစ်ကောင်စီထံ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းကိုပေးပို့ခြင်း၊အဓမ္မစစ်မှုထမ်းစုဆောင်းပေးခြင်း၊ကျေးရွာနေပြည်သူများအပေါ် ခြိမ်းခြောက် အနိုင်ကျင့်ငွေကြေးများ ကောက်ခံခြင်း၊အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကို ဦးဆောင်၍ ကျေးရွာနေပြည်သူများကို ဟောပြောခြင်း၊စည်ရုံးခြင်းများကိုလုပ်ဆောင်နေ့သည့်အတွက် ပြတ်သားစွာအရေးယူလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သရက်ချိုပင်ကျေးရွာအုပ်စု၊ လက်ပံသာကျေးရွာတွင် နေထိုင်သော ကြံ့ဖွတ်ပါတီဝင် လှကျော်နှင့် လှငွေတို့ ညီအစ်ကို ၂ ဦးကို သေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ လှငွေများ နေရာတွင်ပင်ပွဲချင်းပြီး သေဆုံးပြီး လှကျော်မှာမူ ဖမ်းဆီးခေါ်ဆောင်သွားခံရကြောင်း သိရှိရသည်။
“အခုထက်ထိတော့ ရွာဘက်ကို စစ်တပ်က လာစစ်တာတော့မရှိသေးဘူး။ စစ်တပ်နဲ့ရဲကိုတော့ ပစ်ခတ်မှု ကိစ္စ အကြောင်း ကြား ထားတယ်လို့ သိရတယ်။ ဖမ်းဆီးသွားခဲ့ရတဲ့ လှကျော်နဲ့ သေဆုံးသူ လှငွေတို့က ညီအစ်ကို အရင်းဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ လှကျော်လည်း အခုလောက်ဆို သေလောက်ပြီလို့ ထင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။