နေပြည်တော်တပ်ကုန်းမြို့ ရေကြီးမှုတွင် ကပစ ၁ နှင့် ကပစ ၄ စက်ရုံများမှ စစ်သည်၊ အရာရှိနှင့်တပ်မိသားစုဝင် ၃၀ ကျော် ရေမျော သေဆုံးခဲ့ပြီး လက်နက်သိုလှောင်ရုံ၊ ထုတ်လုပ်ရေးနှင့် ကုန်ကြမ်းဓာတုပစ္စည်းများအားလုံး ရေမျာ ပျက်စီးခဲ့

by

in

နေပြည်တော်တပ်ကုန်းမြို့ ရေကြီးမှုတွင် ကပစ ၁ နှင့် ကပစ ၄ စက်ရုံများမှ စစ်သည်၊ အရာရှိနှင့်တပ်မိသားစုဝင် ၃၀ ကျော် ရေမျော သေဆုံးခဲ့ပြီး လက်နက်သိုလှောင်ရုံ၊ ထုတ်လုပ်ရေးနှင့် ကုန်ကြမ်းဓာတုပစ္စည်းများအားလုံး ရေမျာ ပျက်စီးခဲ့
ရန်ကုန်၊ အောက်တိုဘာ ၂
နေပြည်တော်တပ်ကုန်းမြို့ ရေကြီးမှုတွင် ကပစ ၁ နှင့် ကပစ ၄ မှ စစ်သည်၊ အရာရှိနှင့်တပ်မိသားစုဝင် ၃၀ ကျော် ရေမျော သေဆုံးခဲ့ပြီး လက်နက်သိုလှောင်ရုံ၊ ထုတ်လုပ်ရေးနှင့် ကုန်ကြမ်းဓာတုပစ္စည်းများအားလုံး ပျက်စီးခဲ့ရကြောင်း တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
စက်တင်ဘာလ ၉ ရက်နေ့ ညနေပိုင်းမှ စက်တင်ဘာလ ၁၄ ရက်နေ့အထိ နေပြည်တော်တွင် ဖြစ်ပွားခဲ့သော ရေကြီးမှုနှင့် တောင်ကျချောင်းရေများ မျောပါမှုများတွင် တပ်ကုန်းမြို့ အရှေ့ဘက်တွင်ရှိနေသော ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ ကပစ ၁ နှင့် ကပစ ၄ လည်း မလွတ်ကြောင်း၊ တောင်ကျချောင်းရေနှင့် ဆည်များမှ ရေများ ရုတ်တရက် ဝင်ရောက်ခဲ့သောကြောင့် ကပစ စက်ရုံးများမှ လက်နက်သိုလှောင်ရုံ၊ လက်နက် ထုတ်လုပ်ရေးစက်ရုံ၊ ကုန်ကြမ်းများ၊ ဓာတုအက်ဆစ်များ၊ ယမ်းချက်ရာတွင် အသုံးပြုသည့် အက်ဆစ်သိုလှောင်ရုံများ၊ လောင်စာဆီကန်နှင့်သိုလှောင်ကန်များ အကြီးအပျက် ပျက်စီးခဲ့ရကြောင်း၊ လက်ရှိ စာရင်းများအရ ရေမျောပါသေဆုံးပြီး အလောင်းပြန်လည်ရရှိသူ စစ်သည်၊ အရာရှိနှင့် တပ်မိသားစုဝင် ၃၀ ကျော်ရှိပြီး ၂၀ ကျော်ခန့်မှာ ပျောက်ဆုံးစာရင်း သွင်းထားကြောင်း သိရှိရသည်။
“ရေကြီးတဲ့အချိန် ကပစ ၁ နဲ့ ကပစ ၄ သတင်းကို လုံး၀ သတင်းအမှောင်ချထားလို့ အတည်ပြုလို့မရတာ။ အခုအတည်ပြုလို့ရတာက စက်ရုံ ၂ ခုလုံးမှာ ၃၀ ကျော်လောက်ရေထဲမျောပါသွားပြီး သေတယ်။ ထုတ်လုပ်ရေးစက်ရုံနဲ့ သိုလှောင်ရုံတွေ အကုန်ပျက်စီးတယ်။ လက်နက်ခဲယမ်းတွေ ရေမျောသွားလို့ အဲဒါတွေကို စီမံချက်နဲ့လိုက်ရှာရတယ်။ ဆိုင်ကယ်အစီး ၄၀ ကျော်နဲ့ စစ်ကား စုစုပေါင်း ၈ စီး လည်း ရေမျာတယ်” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။
ရေကြီးမှု ဖြစ်ပွားပြီး ၅ ရက်ကျော်အကြာမှ စစ်တပ်က စစ်သားအလောင်းများကို ပြန်လည် ကောက်ယူရန် လုပ် ဆောင်ခဲ့ပြီး ရေမျော လက်နက်ခဲယမ်းများကို စစ်တပ်က ဦးစားပေး လိုက်လံ ကောက်ယူခဲ့ကြကြောင်း၊ ကပစ စက်ရုံများမှ စစ်သားအလောင်းများမှာ လယ်ကွင်းနှင့် သစ်ပင်များအကြား ညှပ်နေခဲ့ကြောင်း သိရှိရသည်။
လက်ရှိအချိန် ကပစစက်ရုံများမှ မိုင်းနှင့်ဗုံးတချို့လည်း ရေစီးနှင့်အတူ မျောပါသွားခဲ့ရာ အပြည့်အ၀ ပြန်လည် ဆယ်ယူနိုင်ခြင်းမရှိသေးကြောင်း၊ လာမည့်နှစ် စိုက်ပျိုးကာလ ကပစ စက်ရုံအနီး လယ်ကွင်းများ တွင် လယ်ထွန်ကြမည့် တောင်သူများအနေဖြင့် မိုင်းနှင့် ဗုံးတချို့ မြေကြီးထဲတွင် ရှိနေနိုင်သဖြင့် သတိပြုကြရမည့် အခြေအနေရှိကြောင်း ဒေသတောင်သူတချို့က ဆိုသည်။
စက်တင်ဘာလလယ်အတွင်း ဖြစ်ပွားခဲ့သော နိုင်ငံတစ်ဝန်းရေကြီးမှုများကြောင့် လူပေါင်း ၄၀၀ ကျော်သေဆုံးကြောင်း စစ်ကောင်စီက တရားဝင် သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- စက်တင်ဘာလ ၁၂ ရက်နေ့ နေပြည်တော် ပင်လောင်းလမ်းမကြီးတွင် ရေကြီးနေစဉ်။