လေနွေးများနှင့် လေအေးများ တွေ့ဆုံမှုကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ယနေ့မှစ၍ အောက်တိုဘာ ၅ ရက် အတွင်း မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းနှင့် မြေပြိုမှုများဖြစ်နိုင်ဟု မိုး/ဇလက အထူးသတင်းအဖြစ် သတိပေး

by

in

နေ့လည် ၂ နာရီခွဲ
update ထွက်လာပါပြီ။
=====

အဓိကအားဖြင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ ပြီးခဲ့တဲ့ ခန့်မှန်းချက်ထက် မိုးပိုများနိုင်လာတာကိုတွေ့ရပါတယ်။
ရေကြီးနိုင်တဲ့ အန္တရာယ်အပြင် တောင်ကျချောင်းရေနဲ့ တောင်ပြို-မြေပြိုဖြစ်နိုင်မဲ့ Risk တွေ ပိုများလာနိုင်ပါမယ်။
ကျန်ပြည်နယ်တိုင်းတွေမှာလဲ မိုးရွာနိုင်ချေက အရင်ခန့်မှန်းချက်ထက် အနည်းငယ် ပိုနိုင်ပါမယ်။
အခု ခန့်မှန်းချက် reference အချိန်က –
စက်တင်ဘာ ၃၀ ရက် ည ၁၀ နာရီမှ အောက်တိုဘာ ၂ ရက် ည ၁၀ နာရီအထိ ၄၈ နာရီအတွင်း ဖြစ်နိုင်တဲ့ မိုးရေချိန်ခန့်မှန်းဖြစ်ပါတယ်။
Win Naing

လေနွေးများနှင့် လေအေးများ တွေ့ဆုံမှုကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ယနေ့မှစ၍ အောက်တိုဘာ ၅ ရက် အတွင်း မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းနှင့် မြေပြိုမှုများဖြစ်နိုင်ဟု မိုး/ဇလက အထူးသတင်းအဖြစ် သတိပေး
ရန်ကုန်၊ စက်တင်ဘာ ၃၀
လေနွေးများနှင့် လေအေးများ တွေ့ဆုံမှုကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ယနေ့မှစ၍ အောက်တိုဘာ ၅ ရက်အတွင်း မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းနှင့် မြေပြိုမှုများဖြစ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မွန်းလွဲပိုင်း အထူးမိုးလေဝသသတင်းအဖြစ် ကြေညာ၍ သတိပေးချက်ထုတ်ပြန်သည်။
ယနေ့မွန်းလွဲ မြန်မာစံတော်ချိန် ၁၂ နာရီ ၃၀ မိနစ် အချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျား လာသော လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်း ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ် ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့် လည်းကောင်း ယနေ့စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းမှ အောက်တိုဘာလ ၅ ရက်နေ့ အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်ကြောင်း သတိပေးသည်။
နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားဦးစီးဌာနက သတိပေးထားသည်။
ထို့ကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေး အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် သတိပေးထားသည်။