နေပြည်တော်သို့ PDF များနှင့် လက်နက်ခဲယမ်းများ ဝင်ရောက်မှု မရှိစေရေး အဖွဲ့ဝင် ၂၃ ဦးပါ အထူးအဖွဲ့က ဦးစီး ကွပ်ကဲ စစ်ဆေးနေ

by

in

နေပြည်တော်သို့ PDF များနှင့် လက်နက်ခဲယမ်းများ ဝင်ရောက်မှု မရှိစေရေး အဖွဲ့ဝင် ၂၃ ဦးပါ အထူးအဖွဲ့က ဦးစီး ကွပ်ကဲ စစ်ဆေးနေ
ရန်ကုန်၊ ဩဂုတ် ၉

အကြမ်းဖက်စစ်ကောင်စီက နေပြည်တော်အတွင်းသို့ PDF များနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်ဝင်ရောက်မှု မရှိစေရေး အဖွဲ့ဝင် ၂၃ ဦးပါ အဖွဲ့ ဖွဲ့စည်းကာ ဦးစီးကွပ်ကဲဆောင် ရွက် နေကြောင်း နေပြည်တော်ကောင်စီသတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဇူလိုင် ၁၈ ရက်နေ့မှစတင်ပြီး နေပြည်တော်အတွင်းသို့ တရားမဝင် လက်နက်ခဲယမ်းများ သယ်ဆောင်မှုများ ၊ လုံး၀ ဝင်ရောက် မှု မရှိစေရေးအတွက် စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန်အတွက် အဖွဲ့ဝင် ၂၃ ဦးပါ အဖွဲ့ကို ဖွဲ့စည်းထားပြီး ယင်းအဖွဲ့က လက်နက်ခဲယမ်းများ အပြင် တရားမဝင် ကုန်သွယ်မှုများကို ပါ တားဆီးရန် ဖြစ်ကြောင်း သိရှိရသည်။
အထူး အဖွဲ့ဝင် ၂၃ ဦးပါ အထူးအဖွဲ့တွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဒုဗိုလ်ချုပ်ကြီးဟောင်း သန်းထွန်းဦးက အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး ဗိုလ်မှူးကြီးရဲမိုး၊ ဇေယျာလင်း၊ ခင်မောင်ဆန်း၊ ရဲမှူးကြီး ဇော်မင်းဦး၊ ဒုဗိုလ်မှူးကြီး ဇေယျာမင်း အပါအဝင် ဌာနပေါင်းစုံမှ အဖွဲ့ဝင် စုစုပေါင်း ၂၃ ဦးပါဝင်ကြောင်း သိရှိရသည်။
အထူးအဖွဲ့အနေဖြင့် နေပြည်တော်အတွင်းသို့ တရားမဝင် လက်နက်ခဲယမ်း၊ ကုန်ပစ္စည်းများ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်မှုမရှိစေရေး အရှိန်အဟုန်ဖြင့် ကြပ်မတ်စစ်ဆေးဆောင်ရွက်သွားရန်နှင့် စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် နေ့ရက် ၊ နေရာ၊ အချိန် ပုံသေ သတ်မှတ်ခြင်းမရှိဘဲ ရှောင်တခင်စစ်ဆေးခြင်းဖြင့် စစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် မီးရထားများပေါ်မှတစ်ဆင့် နေပြည်တော်အတွင်းသို့ ဝင်ရောက်လာမှုများကိုလည်း ကာကွယ်တားဆီးရန် စစ်ဆေးကြပ်မတ်ရေးကော်မတီကိုလည်း ဖွဲ့စည်းပြီး နေပြည်တော်ရဲတပ်ဖွဲ့၊ ထွေ/အုပ်၊ မီးရထားရဲများဖြင့် ရှောင်တခင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကောင်စီက ခရီးသွားပြည်သူများကို ဂိတ်ချစစ်ဆေးစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo- NurPhoto/Getty Images