အမေရိကန်တစ်ဒေါ်လာ ၅၇၅၀ ကျပ်အထိ စံချိန်ထပ်ချိုးပြန်၊ မြန်မာကျပ်ငွေတန်ဖိုးထိုးကျမှု စီးပွားရေးအသိုင်းအ၀ိုင်းတစ်ခုလုံးကို ဂယက်ဆိုးများ ရိုက်ခတ်နေ
ရန်ကုန်၊ ဩဂုတ် ၉
ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်ဒေါ်လာလျှင် ငွေကျပ် ၅၇၅၀ ကျပ်အထိ စံချိန်ချိုးမြင့်တက်ခဲ့ပြီး မြန်မာကျပ်ငွေတန်ိဖုး အရှိန်အဟုန်ဖြင့် ထိုးကျနေမှုက ပြည်တွင်းစီးပွားရေးတစ်ခုလုံးကို ဂယက်ဆိုးများ ရိုက်ခတ်နေကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀ိုင်းက ပြောဆိုသည်။
ဩဂုတ်လ ၈ ရက်နေ့တွင် မြန်မာကျပ်ငွေတန်ဖိုးသည် စံချိန်တင်ဟု ခေါ်ရမည့် အခြေအနေသို့ ရောက်ရှိ ထိုးကျသွားပြီး အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၅၇၅၀ ဖြင့်စျေးပိတ်သွားခဲ့ကြောင်း၊ ယမန်နေ့ ကျပ်ငွေတန်ဖိုး ထိုးကျမှုကြောင့် သွင်းကုန်များ စျေးနှုန်း မတည်မငြိမ်ဖြစ်မှုနှင့် သွင်းကုန်များ ထပ်မံ တင်သွင်းရန် အခက်အခဲများဖြစ်ပေါ်နေရကြောင်း သိရှိရသည်။
“အခုက ဗဟိုဘဏ်က သွင်းကုန်အတွက် ဒေါ်လာရောင်းမပေးဘူး။ စက်သုံးဆီနဲ့ စားအုန်းဆီကိုတော့ သူတို့ အသင်းအဖွဲ့တွေနဲ့ ညှိပြီး ဗဟိုဘဏ်ဘက်က အတိုင်းအတာတစ်ခုအထိ ဒေါ်လာ ရောင်းပေးပေမယ့် အခြားသွင်းကုန်တွေကျတော့ ကိုယ့်ဟာကိုယ် ဒေါ်လာအပြင်မှာဝယ်ပြီးတော့ သွင်းရတာ။ အခြားသွင်းကုန်တွေအားလုံးအပေါ်မှာ သက်ရောက်မှုရှိတယ်။ ကုန်သည်ကလည်း ငွေစျေးက ဒီလောက်ကြီး အပြောင်းအလဲမြန်ပြီး ထိုးကျတော့ ဆက်သွင်းဖို့ အရမ်းခက်နေတယ်။ ပြည်တွင်းမှာ သွင်းထားပြီးသား ကုန်တွေကလည်း စျေးတွေက လက်ရှိ ဒေါ်လာစျေးနဲ့အညီကို လိုက်ပြီး တက်နေတယ်။ နောက်ဆုံးတော့ ပြည်သူလူထုက စျေးကြီးကြီးပေးပြီး စားရမယ် သုံးရမယ်။ လက်ရှိ ကုန်စျေးနှုန်းတွေ ထပ်တက်ဦးမယ်” ဟု UMFCCI မှ အဖွဲ့ဝင် စီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။
လတ်တလော ပြည်တွင်းဆေးစျေးကွက်တွင် ဒေါ်လာတန်ဖိုးမြင့်တက်မှုကြောင့် ဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်တွင်းသို့ မသွင်းနိုင်တော့ဘဲ အင်ဆူလင်ဆေးဝါးများ၊ ကျောက်ကပ်ဆေးရည်များ အပါအဝင် ဆေးဝါးမျိုးစုံ ပြတ်လပ်မှုများအကြီး အကျယ်ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
ထို့ပြင် မြန်မာကျပ်ငွေသည် အိမ်နီးချင်း နိုင်ငံများ၏ ငွေကြေးများနှင့် နှိုင်းယှဉ်လျှင် စံချိန်တင်စျေးနှုန်းများ ကျဆင်းလျက်ရှိရာ ထိုင်းတစ်ဘတ်လျှင် ကျပ်ငွေ ၁၆၀ ၊ စင်ကာပူ တစ်ဒေါ်လာလျှင် ၄၂၀၀ ကျပ်၊ မလေးရှား တစ်ရင်းဂစ်လျှင် ၁၂၆၅ ကျပ်၊ တရုတ်ယွမ် တစ်ယွမ်လျှင် ၇၉၂ ကျပ် အသီးသီးစျေးနှုန်းများဖြစ်ပေါ်ကာ ကျပ်ငွေတန်ဖိုး ထိုးကျလျက်ရှိကြောင်း သိရှိရသည်။