ဂန့်ဂေါကနေ ပင်လည်ဘူးဘက် စစ်ကူပို့ခံရတဲ့ ဗိုလ်မှူးခန့်မင်းကို အပါအဝင် စစ်အုပ်စုတွေ သေဆုံး၊

by

in

ဂန့်ဂေါကနေ ပင်လည်ဘူးဘက် စစ်ကူပို့ခံရတဲ့ ဗိုလ်မှူးခန့်မင်းကို အပါအဝင် စစ်အုပ်စုတွေ သေဆုံး၊
ကိုထူး/MFP၊စက်တင်ဘာ-၂၈

မကွေးတိုင်း ဂန့်ဂေါမြို့‌ကနေ စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ဘက် စစ်ကူပို့ခံရတဲ့ ဗိုလ်မှူးအဆင့် ခန့်မင်းကို အပါအဝင် စစ်အုပ်စုတွေ တိုက်ပွဲမှာ သေတယ်လို့ သတင်းရရှိပါတယ်။
ဂန့်ဂေါမြို့ အခြေစိုက် စစ်အုပ်စု ခြေလျင်တပ်ရင်း (ခလရ) -၅၀ က ဗိုလ်မှုးခန့်မင်းကို အပါအဝင် အင်အား ၅၀ ခန့်ကို စက်တင်ဘာလ ၂၂ ရက်မှာ မြို့သိမ်းတိုက်ခိုက်ခံနေရတဲ့ ပင်လည်ဘူးမြို့အတွက် စစ်ကူဖို့ စစ်အုပ်စုက စေလွှတ်ခဲ့တာလို့ ဂန့်ဂေါနယ်သတင်းတွေ ဖော်ပြနေတဲ့ ‌ယောအလင်းတန်း အဖွဲ့ ကိုဘကောင်းက MFP ကို ပြောပါတယ်။
စစ်ကူပို့ခံရတဲ့ ဂန့်ဂေါ်မြို့ ခလရ-၅၀ က ဗိုလ်မှုးခန့်မင်းကို သေဆုံးသွားပြီ ဖြစ်ကြောင်း တပ်တွင်း သတင်းတွေကနေ တဆင့် သိရှိရတာဖြစ်ပြီး ကျန်တဲ့ စစ်အုပ်စုတွေလည်း သေဆုံးနိုင်တယ်လို့ ကိုဘကောင်းက ပြောပါတယ်။
“ခန့်မင်းကိုကိုကျတော့ အရာရှိ ဖြစ်နေလို့သာ ကျဆုံးတယ်လို့ အသိပေးတဲ့ သဘောဖြစ်နေတာပေါ့နော။ ကျန်တဲ့ သူတွေကျတော့ ဘာမှန်းမသိလို့ မိသားစုတွေ၊ သူတို့‌ရည်းစားတွေက စိတ်ပူပြီး လိုင်းပေါ်တင်တာတွေ ရှိတယ်ဗျ၊ (စစ်အုပ်စု သေဆုံးမှု) ဒီထက်လည်း များနိုင်တယ်ပေါ့နော။ သေသေချာချာတော့ ကျွန်တော်တို့ သိနေတာတော့ အကျအဆုံး များနေတယ်လို့ ကြားနေရတယ်၊ သူတို့ အရာရှိတစ်ယောက်ကိုပဲ အသိပေးထားတာ ရှိပါသေးတယ် ကျန်တဲ့ သူတွေကတော့ ဘာမှ အသိပေးထားတာ မရှိသေးဘူး”လို့ ကိုဘကောင်းက ပြောပါတယ်။
ဗိုလ်မှုးခန့်မင်းကို သေဆုံးတာကို ခန့်မင်းကို ရဲ့ ချစ်သူဖြစ်တဲ့ ဂန့်ဂေါမြို့ ပျူစောထီး ခေါင်းဆောင်ရဲ့သမီးက လူမှု့ကွန်ယက်မှာ တင်ထားတာဖြစ်ပြီး တပ်တွင်းသတင်းတွေအရလည်း စက်တင်ဘာလ (၂၈) ရက်မှာ နာရေး ရက်လည် ပြုလုပ်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
စက်တင်ဘာလ ၂၂ ရက်က ဂန့်ဂေါ ခလရ-၅၀ တပ်ထဲက ဗိုလ်မှူး သက်နိုင်အေးနဲ့ ဒုတပ်ရင်းမှူး ရဲရန်ပိုင်တို့ အပါအဝင် စစ်အုပ်စု အင်အား ၅၀ ခန့်ကို ရဟတ်ယာဉ်နှစ်စင်းနဲ့ ခေါ်ဆောင်သွားတာ ဖြစ်ပြီး အခုချိန်မှာတော့ ခလရ ၅၀ တပ်ရင်းမှာ တပ်ရင်းမှုး မရှိဘဲ ဗျူဟာမှူး က တိုက်ခိုက်ရေးနဲ့ စစ်ရေးတွေကို ဦးစီးနေတာလို့ ဆိုပါတယ်။
ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်တွေက ဩဂုတ်လက စတင်ကာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေ့အီး လက်ရှိမှာ မြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားပါတယ်။
စစ်အုပ်စုကလည်း ပင်လည်ဘူးမြို့ မကျရေး လေကြောင်းပစ်ကူ ဗုံးကြဲသလို လေကြောင်းကတဆင့် စစ်ကူ အင်အား အများအပြား ပို့လွှတ်နေတယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၂၃ ရက်ကလည်း ပင်လည်ဘူးမြို့ဘက်ကို စစ်အုပ်စုက Mi17 အမျိုးအစား သယ်ပို့ ရဟတ်ယာဉ် ရှစ်စီးနဲ့ စစ်ကူအင်အားတွေ ပို့ဆောင်ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပင်လည်ဘူးမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့ နောက်ဆုံးလက်ကျန် စစ်အုပ်စု စခန်းတစ်ခုသာ ကျန်ရှိနေပြီး အဲဒီ စခန်းမကျဖို့ စစ်ကူ အင်အား ဖြည့်၊ လေကြောင်းက ဗုံးကြဲပြီး အသည်းအသန် ခုခံနေတာလို့ စစ်ရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။
#Mandalay_Free_Press_MFP