NUG အပါအဝင် ဒီမိုကရေစီလိုလားသူတွေကိုဆက်ပြီးပံ့ပိုးပေးမယ်လို့ အမေရိကန်ပြော

by

in

အမေရိကန်အစိုးရအနေနဲ့ မြန်မာမှာ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီပြန်လည်ရရှိရေး NUG အပါအဝင် ဒီမိုကရေစီလိုလားသူတွေကိုဆက်ပြီး ပံ့ပိုးပေးနေမှာဖြစ်သလို လက်ရှိပဋိပက္ခတွေပြေလည်မှုရရှိဖို့ ကြိုးပမ်းမှုတွေကိုလည်းဆက်ပြီးထောက်ခံပေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဘီဘီစီကိုပြောပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် ပါဝင်ပတ်သက်တဲ့ သက်ဆိုင်သူအားလုံးနဲ့ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ စစ်တပ်ကို အမေရိကန်က တိုက်တွန်းတယ်လို့ လည်းပြောထားပါတယ်။

စစ်ကောင်စီရဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ အမေရိကန်အစိုးရဆီကနေ နှစ်စဥ် ဒေါ်လာ သန်း ၂၀၀ ရနေပြီး မြန်မာပြည်တွင်းရေးမတည်မငြိမ်ဖြစ်အောင် အမေရိကန်ကလုပ်နေတာလို့ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဘီဘီစီရဲ့ အမေရိကန်အစိုးရ အပေါ် မေးမြန်းချက်ကို ပြန်လည်ဖြေကြားချိန်မှာ ထည့်ပြောခဲ့တာဖြစ်ပါတယ်။

ဒေသတွင်းက မဟာမိတ်တွေ၊မိတ်ဖက်တွေနဲ့ အနီးကပ်ညှိနှိုင်းဆောင်ရွက်နေပြီး အမေရိကန်ကပေးအပ်နေတဲ့ အကူအညီတွေဟာ လူတွေကို သေစေနိုင်တဲ့ အကူအညီပေးမှုမဟုတ်ဘဲ အသက်တွေကို ကယ်တင်ပေးတဲ့ ထောက်ပံ့မှုတွေဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုအကူအညီတွေကြောင့် အကြမ်းဖက်မှုနဲ့ ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံထဲက လူထုကို ပိုပြီးဆိုးရွားစရာအကြောင်းမရှိဘူးလို့ တုံ့ပြန်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက အမေရိကန်အစိုးရအနေနဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ဒေါ်လာသန်း ရာနဲ့ချီ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးခဲ့တယ်လို့ အမေရိကန်အစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဘီဘီစီကိုပြောပါတယ်။

စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာမရှိတဲ့ မြန်မာလူထုဆီ အကူအညီတွေ တိုက်ရိုက်ရောက်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေဆီကနေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်။

အမေရိကန်ရဲ့ အကူအညီတွေမှာ အုပ်ချုပ်မှုစွမ်းရည်တည်ဆောက်ဖို့ အစီအစဥ်တွေ၊ ဒေသန္တရကျန်းမာရေးနဲ့ ပညာရေးမူဝါဒတွေဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးပမ်းမှုတွေနဲ့ အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ဒီမိုကရေစီလိုလားတဲ့အုပ်စုတွေကို လိုအပ်တဲ့အကြံပေးမှုသာလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် အမေရိကန်အနေနဲ့ မြန်မာရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကို နောက်ထပ် ပံ့ပိုးပေးနိုင်မယ့် နည်းလမ်းတွေကို ဆက်လက်ရှာဖွေလုပ်ဆောင်နေတယ်လို့ ထည့်ပြောထားပါတယ်။

မြန်မာပြည်သူလူထုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို အဓိက ထောက်ပံ့ကူညီအားပေးဖို့ အတည်ပြုထားတဲ့ ၂၀၂၂ ခုနှစ် ဘားမားအက် ဥပဒေကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ထောက်ခံကြိုဆိုပြီး ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ထောက်ပံ့ကူညီမှုတွေပိုတိုးလုပ်နိုင်ဖို့နဲ့ စစ်တပ်ရဲ့ မြန်မာလူထုအ‌ပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို တားဆီးဖို့ အမေရိကန်လွှတ်တော်နဲ့ လက်တွဲလုပ်ဆောင်သွားမယ်လို့လည်း ကတိပြုတယ်လို့ ဆိုပါတယ်။

အရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့နဲ့ လူမှုအသိုင်းအဝိုင်းကြား ခံနိုင်စွမ်းရှိမှုကို တည်ဆောက်ပေးတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ပြည်တွင်းအရပ်ဖက်အင်အားစုတွေနဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေရဲ့ အကူအညီတောင်းခံလာမှုတွေကို အလေးထားပြီး သုံးသပ်နေတယ်လို့လည်း ဆိုပါတယ်။