ကြို့ပင်ကောက်မှာ စစ်မှုထမ်းကြေး တစ်အိမ်ထောင် ၃သိန်း ငွေညှစ်နေတဲ့ ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

by

in

ကြို့ပင်ကောက်မှာ စစ်မှုထမ်းကြေး တစ်အိမ်ထောင် ၃သိန်း ငွေညှစ်နေတဲ့ ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ
စက်တင်ဘာ ၂၆၊ ၂၀၂၄

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ်မှာ တစ်အိမ်ထောင် စစ်မှုထမ်းကြေး ၃သိန်း တောင်းခံနေတဲ့ ကြို့ပင်စခန်းအုပ်စု ရာအိမ်မှူးသိန်းဦးကို နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းပြီး လေသေနတ် ၁လက်ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တာဝန်ခံ ကိုတေဇမင်းက မောင်းကိုပြောပါတယ်။
စက်တင်ဘာ ၂၄ရက်၊ ညနေပိုင်းက ကြို့ပင်ကောက်မြို့နယ်၊ ကြို့ပင်စခန်းအုပ်စု ရာအိမ်မှူး သိန်းဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက နေအိမ်ထဲ ဝင်ရောက်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။
“ကျနော်တို့ သူကိုဝင်ဖမ်းဖို့ခေါ်တဲ့အခါမှာ လေသေနတ် ၁ဖက်၊ ဓား ၁ဖက် ကိုင်ပြီး အိမ်ထဲကထွက်လာတယ်။ အဲ့ဒါ လက်နက်တွေချခိုင်းတာ မချဘဲနေလို့ ပစ်ခတ်လိုက်ရတာပါ” လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တာဝန်ခံ ကိုတေဇမင်းက မောင်းကိုပြောပါတယ်။
ပစ်ခတ်ရှင်းလင်းခဲ့တဲ့ သိန်းဦးအနေနဲ့ စစ်ကောင်စီသက်ဆိုးရှည်ဖို့ ကြို့ပင်စခန်းအုပ်စုရွာတွေမှာ စစ်မှုထမ်းစာရင်းအတွက် တစ်အိမ် ၃သိန်းတောင်းခံတာတွေ ၊ တပ်သားသစ်စုဆောင်းတာတွေအပြင် PDF တပ်ဖွဲ့တွေရဲ့သတင်းကို စစ်တပ်ဆီ ပို့နေသူတစ်ယောက်ဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတာလို့ ဆိုပါတယ်။
“လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကိုစီးဖမ်းတယ်။ လူငယ်တွေဆို ငွေညှစ််တယ်။ သိန်း၃၀လောက်အထိ ပေါက်ကြေးတောင်းတယ်။ မရရင် စစ်တပ်ထဲပို့တယ်ပေါ့နော်။ ရွာတွေထဲ စစ်မှုမထမ်းချင်တဲ့ အိမ်တွေဆို ၁အိမ်၃သိန်းတောင်းတယ်။ သူတို့မကြည်ရင်တော့ စစ်တပ်ထဲသွင်းတယ်။” လို့ ကိုတေဇမင်းက ပြောပါတယ်။
ရာအိမ်မှူးသိန်းဦးကို BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့နဲ့အတူ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၁) Dragon Brothers အဖွဲ့က ပူးပေါင်းရှင်းလင်းခဲ့တာလည်းဖြစ်ပါတယ်။
​ဒါ့အပြင် လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ Non CDM ဝန်ထမ်းတွေက ကြို့ပင်ကောက်မြို့နယ်၊ ကျေးရွာတွေမှာ ရွေးကောက်ပွဲမဲစာရင်းကောက်ခံတာတွေ၊ ယခင် ၂၀၂၀ မဲစာရင်းအဟောင်းစာရင်းအချက်အလက်တွေ ပြန်လည်တောင်းယူတာတွေ ရှိနေတာကြောင့် ကြို့ပင်ကောက်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ အရေးယူသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။
ပုံစာ – ပစ်ခတ်ရှင်းလင်းခံရတဲ့ ကြို့ပင်ကုန်းအုပ်စု ရာအိမ်မှူး သိန်းဦး