ရန်ကုန်လေဆိပ်တွင် ယမန်နေ့ ” ပြည်ပသို့ အလည်အပတ် သွားမည်” ဟု ဖြေဆိုသူအများစုကို အထောက်အထားအပြည့်အစုံရှိသည့်ကြားမှ လေယာဉ်ပေါ် တက်ခွင့်မပေးဘဲ လှည့်ပြန်ခိုင်း၊ စစ်မှုထမ်းအပတ်စဉ် ၆ ခေါ်ယူမည်ဖြစ်၍ စီမံချက်အရ ယာယီတင်းကျပ်စိစစ်ဟုဆို

by

in

ရန်ကုန်လေဆိပ်တွင် ယမန်နေ့ ” ပြည်ပသို့ အလည်အပတ် သွားမည်” ဟု ဖြေဆိုသူအများစုကို အထောက်အထားအပြည့်အစုံရှိသည့်ကြားမှ လေယာဉ်ပေါ် တက်ခွင့်မပေးဘဲ လှည့်ပြန်ခိုင်း၊ စစ်မှုထမ်းအပတ်စဉ် ၆ ခေါ်ယူမည်ဖြစ်၍ စီမံချက်အရ ယာယီတင်းကျပ်စိစစ်ဟုဆို
ရန်ကုန်၊ စက်တင်ဘာ ၂၆
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စက်တင်ဘာလ ၂၅ ရက်နေ့ ပြည်ပသို့ အလည်အပတ် ထွက်ခွာသူများကို အ ထောက်အထားအပြည့်အစုံ ပြသနိုင်သည့်တိုင် လေယာဉ်ပေါ် တက်ခွင့်မပေးဘဲ လှည့်ပြန်ခိုင်းကြောင်း လေဆိပ်မှ လှည့်ပြန်လာရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများသို့ ထွက်ခွာကြသူများအနက်မှ အကြောင်းအရာ မရှိဘဲ “အလည်အပတ် သွားမည်ဟု” ဟု ဖြေဆိုသူများ ရန်ကုန်လေဆိပ်တွင် လေယာဉ်ပေါ် တက်ခွင့်မပေးကြောင်း၊ အသွားအပြန်လေယာဉ်လက်မှတ်၊ ဟိုတယ်ဘိုကင်၊ Show Money ၊ နေထိုင်ခွင့် ဗီဇာ စသည့် စာရွက်စာတမ်း အထောက်အထားအပြည့် အစုံ ပြသသည့်တိုင် စီမံချက်အရ ယခုရက်ပိုင်း ထွက်ခွာခွင့်မပေးဟုဆိုကာ လှည့်ပြန်ခိုင်းခြင်းဖြစ်သည်ဟု သိရှိရသည်။
” ထိုင်းကို သွားဖို့ပါ။ သူတို့ မေးတော့ “အလည် သွားမှာ” လို့ ဖြေလိုက်ပါတယ်။ အသွားအပြန် လေယာဉ်လက်မှတ်၊ ဟိုတယ်ဘိုကင်၊ Show Money ဒေါ်လာ ၁၀၀၀ နဲ့ ၂ လ ဗီဇာ ပြတယ်။ အဲဒါ ပေးမသွားဘူး။ လေယာဉ်ပေါ်တက်ခွင့်မပေးဘူး။ ဘာဖြစ်လို့လဲ မေးတော့ ဒီရက်ပိုင်းတော့ ခဏနေလိုက်ပါဦး။ စီမံချက်ရှိလို့ လို့ပြောတယ်။ အဲဒါနီးစပ်ရာ ဖုန်းဆက်အကူအညီတောင်းတော့ လေဆိပ်ရဲ က ပေးမသွားတာ။ လကုန်ရက်တွေ စစ်မှုထမ်း အသစ်ခေါ်နေလို့ စီမံချက်ရှိလို့ ခဏ တင်းကျပ်တာလို့ ပြောတယ်။ ကျနော်တင် မဟုတ်ပါဘူး အခြား အလည်လို့ ဖြေတဲ့သူတွေလည်း ထွက်ခွင့်မရဘူး” ဟု ယမန်နေ့ လေဆိပ်မှ လှည့်ပြန် လာ ခဲ့ရသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောဆိုသည်။
သို့ရာတွင် ယမန်နေ့ ရန်ကုန်လေဆိပ်တွင် ဆေးသွားကုရန် အထောက်အထားပြနိုင်သူများ၊ သင်္ဘော သားများ၊ စီးပွားရေးကိစ္စ စာရွက်စာတမ်း အစုံအလင်ပြနိုင်သူများနှင့် လေဆိပ်ပူးပေါင်းအဖွဲ့များထံသို့ ငွေကြေးပေး ကြိုတင်၍ VIP Service ချိတ်ဆက်ထားသူများမှာ ထွက်ခွာခွင့် ရရှိခဲ့ကြောင်း၊ အလည်အပတ်များကို ပိတ်ပင်ခြင်းမှာ ယခု လာမည့် အောက်တိုဘာလဆန်း စတင်မည့် စစ်မှု ထမ်း အပတ်စဉ် ၆ အတွက် လူသစ်များ စုဆောင်းခေါ်ယူချိန်ဖြစ်၍ လေဆိပ်မှ ပြည်ပထွက်ခွာခွင့် ယာယီတင်းကျပ် စိစစ် ပိတ်ပင်နေခြင်းဖြစ်ကြောင်း လေ ဆိပ် သတင်းရင်းမြစ်တချို့ထံမှ စုံစမ်းသိရှိရသည်။
လက်ရှိတွင် ရန်ကုန်လေဆိပ်မှ ပြည်ပနိုင်ငံများသို့ အတားအဆီးမရှိ ထွက်ခွာခွင့်ပြုသည့် VIP Service စျေးကွက်မှာလည်း အ လွန် ကြီးမားစွာ ကျယ်ပြန့်နေကြောင်း၊ ထို့သို့ လေဆိပ်တွင် လာဘ်ပေးလာဘ်ယူမှုများ အကြီးအကျယ် ဖြစ်ပေါ်နေသည်ကို စစ်ကောင်စီထိပ်ပိုင်းအထိ သတင်းများ ရောက်ရှိကြောင်း၊ သို့ရာတွင် တစ်စုံတစ်ရာ အရေးယူမှုမရှိကြောင်း၊ လေဆိပ် VIP Service မှာ ပြည်ပသို့ ထွက်ခွာမည့်သူ၏ နောက်ခံအကြောင်းအရာနှင့် အခြေအနေအပေါ် မူတည်၍ ငွေကျပ် သိန်း ၅၀ အထိ စျေးပေါက်နေကြောင်း စုံစမ်းသိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက ဩဂုတ်လမှစတင်ပြီး ရန်ကုန်လေဆိပ်တွင် ပူး ပေါင်းအဖွဲ့များ ဖွဲ့စည်း၍ ပြည်ပသို့ ထွက်ခွာခွင့်များကို စိစစ်တင်းကျပ်ကာ ၎င်းတို့ စိတ်သဘောမတွေ့သူများကို လှည့်ပြန်ခိုင်းနေခြင်းဖြစ်ကြောင်း ၊ အ ကြောင်း ပြရာတွင် အလည်နိုင်ငံကူးလက်မှတ် PV ဖြင့် ပြည်ပထွက် အလုပ်လုပ်မှုများကို စိစစ် တားမြစ်သည်ဟု ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။