ပြင်ဦးလွင် ခရီးစဉ်ကို လျှို့ဝှက်သွားလာခဲ့သည့် စစ်ခေါင်းဆောင်က စစ်လက်ရုံးဗိုလ်လောင်းများကို စိစစ်ရွေးချယ်ခဲ့

by

in

ပြင်ဦးလွင် ခရီးစဉ်ကို လျှို့ဝှက်သွားလာခဲ့သည့် စစ်ခေါင်းဆောင်က စစ်လက်ရုံးဗိုလ်လောင်းများကို စိစစ်ရွေးချယ်ခဲ့
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စစ်လက်ရုံးရွေးချယ်ပွဲသို့ ၎င်းကိုယ်တိုင်သွား ရောက်ရွေးချယ်ခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်နေ့က ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် DSA အပတ်စဉ် (၆၇) နှင့် စက်တင်ဘာ ၂၄ ရက်နေ့တွင် တပ်မတော်နည်းပညာတက္က သိုလ် DSTA အပတ်စဉ် (၂၇) မှ ဗိုလ်လောင်းများကို စိစစ်ရွေးချယ်ပေးခဲ့ကြောင်း စစ်ကောင်စီအာဘော် သတင်းစာများတွင် ဖော်ပြထားသည်။
“စစ်ခေါင်းဆောင်ကိုယ်တိုင် ရုတ်တရက်ရောက်လာပြီး ရွေးချယ်ပွဲကို ကိုယ်တိုင်လုပ်သွားတာ။ ပြောရရင် ဒုချုပ်လုပ်မယ်ထင်ထားတာ။ သူလာမယ်ဆိုတဲ့ သတင်းလည်းမရဘူး။ ရှေ့ရက်တွေကတည်း ကတော့ နယ်မြေရှင်းလင်း လမ်းကြောင်းချတာတော့ရှိတာပေါ့ နော်။ ကြိုတင်အကြောင်း ကြားတာမရှိဘူး။ ကြားရက်ထဲတော့ တိုင်းမှူးနဲ့ မြို့နယ်မှူးက မျက်ခုံးလှုပ်တာပေါ့။ ရက်တိုနဲ့ပဲ ပွဲပြီးသွားတယ်”ဟု ပြင်ဦးလွင်ရှိ သတင်းရင်းမြစ် က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်လက်ရုံးရွေးချယ်ပွဲမှာ ယခင်က တက်ရောက်သည့် ဗိုလ်လောင်းများ များပြားသဖြင့် ရွေး ချယ်ရာတွင် ရက်ကြာမြင့်စွာကျင်းပရကြောင်းနှင့် ယခုတွင် တက်ရောက်သူနည်းပါးသဖြင့် ရက်တိုသာ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
ယမန်နှစ်ကပြုလုပ်သည့် DSA အပတ်စဉ် (၆၆) စစ်လက်ရုံးရွေးချယ်ပွဲကို ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ခဲ့ခြင်းဖြစ်ပြီး အများအားဖြင့် ဒုတိယကာကွယ်ရေး ဦးစီးချုပ်များ ကသာ ရွေးချယ်လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သော်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမူ ၎င်းကိုယ်တိုင် စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
စစ်လက်ရုံးရွေးချယ်ခြင်းသည် ဗိုလ်လောင်းများကို တစ်ဦးချင်းစီ တွေ့ဆုံမေးမြန်း၍ ၎င်းတို့၏ ဝါသနာနှင့် ကြိုးစား အားထုတ်မှုများအပေါ် မူတည်ကာ သင့်လျော်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်လက်ရုံး အသီးသီး အတွက် စိစစ်ရွေးချယ်ခြင်းဖြစ်ပြီး ယခု ဗိုလ်လောင်းအများစုကို တပ်မတော်(ကြည်း) ခြေလျင်၊ ခြေမြန်တပ်ရင်းများကို အများဆုံးပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
စစ်ခေါင်းဆောင်သည် ဗိုလ်လောင်းများနှင့်တွေ့ဆုံစဉ်တွင် ရှမ်းမြောက်၊ ကချင်၊ ရခိုင်တို့ကို တန်ပြန်ချေမှုန်းမှုများ လုပ်ဆောင်သွားမည်ဟု ကြုံးဝါးခဲ့သည်ဟု သတင်းရင်းမြစ်က ဆိုသည်။
ဓာတ်ပုံ-စစ်ကောင်စီ
ပုံစာ- DSA အပတ်စဉ် (၆၇) စစ်လက်ရုံးရွေးချယ်ပွဲတွင် တွေ့ရသည့် စစ်ခေါင်းဆောင်