ဓနုဖြူတွင် ရဲမေများက ဘော်လီမ၀တ်သည့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးကို ကျပ်ငွေ ၃၀၀၀၀ ဒဏ်ရိုက်

by

in

ဓနုဖြူတွင် ရဲမေများက ဘော်လီမ၀တ်သည့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးကို ကျပ်ငွေ ၃၀၀၀၀ ဒဏ်ရိုက်
ဧရာ၀တီတိုင်းမ်

စက်တင်ဘာ ၂၅ ရက်
ဧရာ၀တီတိုင်း၊ ဓနုဖြူမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲမေများက ဘော်လီအင်္ကျီမ၀တ်သည့် အမျိုးသမီးတစ်ဦးကို ကျပ်‌‌ငွေသုံးသောင်း (၃၀,၀၀၀) ငွေဒဏ်ရိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
အသက် ၅၀ ၀န်းကျင်ရှိပြီဖြစ်သည့် အဆိုပါ အမျိုးသမီးကို ပြီးခဲ့သည့် စက်တင် ဘာ ၂၀ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ ရဲမေများက ဖမ်းဆီးကာ ကျပ်ငွေသုံးသောင်း ဒဏ်ရိုက်ခဲ့ခြင်းဖြစ်ကြောင်း ‌သိရသည်။
”အကြောင်းအမျိုးမျိုးပြပြီး ဒဏ်ရိုက်တာ။ ဘော်လီမ၀တ်လို့ဆိုပြီး ရဲမေတွေက လမ်းမှာ ဒဏ်ရိုက်တာ။ လောလောဆယ်တော့ ဒဏ်ရိုက်ခံရတာ ဒီအမျိုး သမီး တစ်ဦးပဲရှိသေးတယ်။ အမျိုးသမီးတွေ ဂုဏ်သိက္ခာထိခိုက်တယ် ဆိုပြီးလုပ်တာ” ဟု ဓနုဖြူမြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီလက်အောက်ခံ ရဲမေများက ယခုလို ဘော်လီအင်္ကျီ မဝတ်ဆင်ခြင်းသည် အမျိုးသမီး အများစု၏ ဂုဏ်သိက္ခာထိခိုက်ကျဆင်းသည်ဟု ပြောဆိုကာ ဖမ်းဆီး၍ သတိပေး ငွေဒဏ်ဆောင် ခိုင်းခြင်း ဖြစ်သည်ဟု မြို့ခံများထံက သိရသည်။
ထို့ပြင် ဓနုဖြူမြို့အတွင်း စက်ဘီးစီးကာ သွားလာနေသူအချို့ကို စစ်ကောင်စီတပ်က စစ်ဆေး၍ စက်ဘီးဘဲလ် မတပ်ပါကလည်း ဖမ်းဆီးပြီး ဒဏ်ငွေဆောင်ခိုင်းခြင်းများ ပြုလုပ်ကြောင်း ဒေသခံများက ဆိုသည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း ဧရာဝတီ တိုင်း၊ မြန်အောင်မြို့နယ်၊ နတ်ပီတိကျေးရွာ ထိပ် ဇရပ်အနီး မြန်အောင်နှင့် ကြံခင်းသို့ ဆက်သွယ်ထားသည့် လမ်းဆုံတွင် အမျိုးသမီးတစ်ဦး ဘော်လီအင်္ကျီ မဝတ်ဆင်ဘဲ ဆိုင်ကယ်မောင်းနှင်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
#ဓနုဖြူ #စစ်ကောင်စီ #ရဲမေများ #ဘော်လီမ၀တ် #အမျိုးသမီး #ကျပ်‌‌ငွေ၃၀၀၀၀ #ငွေဒဏ်ရိုက် #Ayeyarwaddy_Times