ရခိုင်ပြည်နယ် စေလွှတ်ခံရတဲ့ ခလရ ၉၈ အကြမ်းဖက်စစ်တပ် အသေအပျောက်များခဲ့လို့ မော်လမြိုင်ကျွန်းအခြေစိုက် ခလရ ၅၃၆ ကိုထပ်ပို့

by

in

ရခိုင်ပြည်နယ် စေလွှတ်ခံရတဲ့ ခလရ ၉၈ အကြမ်းဖက်စစ်တပ် အသေအပျောက်များခဲ့လို့ မော်လမြိုင်ကျွန်းအခြေစိုက် ခလရ ၅၃၆ ကိုထပ်ပို့
စက်တင်ဘာ၂၅၊ ၂၀၂၄

ဧရာဝတီတိုင်း ဖျာပုံအခြေစိုက်တဲ့ ခလရ ၉၈ တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီးနောက် မော်လမြိုင်ကျွန်းမြို့နယ်အခြေစိုက်တဲ့ ခလရ ၅၃၆ ရခိုင်ပြည်နယ်သို့ ထပ်မံ အပို့ခံရကြောင်း အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ် စစ်ဆင်ရေးအဖြစ် အပို့ခံထားရတဲ့ ခလရ ၉၈ တပ်က တပ်ရင်းမှူး နိုင်လင်း ခြေထောက်ဖြတ်လိုက်ရပြီး စစ်ကြောင်း၂ ၊ စစ်ကြောင်းမှုး DSA အပတ်စဥ် ၆၀ က 2IC ဗိုလ်မှူး နိုင်သူ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ တခြားအရာရှိစစ်သည်တွေ ပျောက်ဆုံးနေပြီး တပ်ဖွဲ့စည်းပုံပျက်သွားလို့ မော်လမြိုင်ကျွန်း အခြေစိုက်တပ်ရင်းဖြစ်တဲ့ ခလရ ၅၃၆ ကို ထပ်မံ ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
“အခု ရခိုင်အပို့ခံရတဲ့ မော်လမြိုင်ကျွန်းတပ် ခလရ ၅၃၆ တပ်ရင်းက DSA အပတ်စဥ် ၅၄က စစ်ကြောင်းမှူး သူရိန်စိုး ဦးစီးပြီး ပို့လိုက်တာ။ သူတို့လည်းတက်သာတက်သွားတာ.. ဖွဲ့စည်းပုံသိပ်မရှိဘူး။ အရာရှိသိပ်မပါဘူး။ သင်တန်းသွားတာနဲ့ နောက်တန်းမှာ ချန်ထားခဲ့ရတာနဲ့ဆိုတော့ ဗိုလ်ကြီး ကြည်စိုးထွန်းက သင်တန်းတတ်နေရတယ်။ ဗိုလ်ကြီး ရန်မျိုးအောင်က တပ်ရေးဗိုလ်အဆင့်နဲ့ကျန်နေခဲ့ရတယ်။ လက်ရှိ နောက်တန်းမှာဆို အရာရှိ၂ယောက်ပဲ ကျန်နေခဲ့ရတယ်။ တစ်ယောက်က တပ်ထောက်ကိုင်ထားတဲ့ ဗိုလ်နိုင်လင်းထွန်းနဲ့ စစ်သား ၁၀ယောက်တောင်မရှိဘူး” လို့ စစ်တပ်မိသားစုဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။
“ရခိုင်က ပြန်လာတဲ့ ဖျာပုံအခြေစိုက် ခလရ ၉၈ ဆိုရင် အတော်လေးဖွဲ့စည်းပုံပျက်သွားတာ။ ရခိုင်မှာသေဆုံးသွားတဲ့ စစ်ကြောင်း၂ စစ်ကြောင်းမှူး နိုင်သူဆိုရင် တပ်ကထွက်ဖို့ ပြင်နေတာ။ ဆေးအဆင့်ချပြီး တပ်ကထွက်ဖို့ လုပ်နေတုန်း ရခိုင်အပို့ခံလိုက်ရတာ။ သူ့အမျိုးသမီးကလည်း စစ်သမီးပဲ။ ဗိုလ်မှူးအဆင့်ပဲ ။ သူ့ယောက်က်ျားသေလို့ ကျန်ခဲ့တဲ့ပစ္စည်းတွေ ဖျာပုံတပ်ကနေ လာပြန်သိမ်းယူသွားတာ။ နောက် DSA အပတ်စဥ် ၆၁ က ဇင်မျိုးအောင်ဆိုတဲ့ အရာရှိလည်း ၉၈ ဖျာပုံတပ်ကနေ အခြားတပ်ကို ပြောင်းရွှေ့သွားပြီး ရခိုင်မှာပဲ သေဆုံးသွားတာ” ဖျာပုံအခြေစျက် ခလရ ၉၈ တပ်တွင်း သတင်းရင်းမြစ်ကလည်း မောင်းကိုပြောပါတယ်။
ဧရာဝတီတိုင်းထဲက မအူပင်၊ ကျုံပျော်၊ ဖျာပုံ၊ ပုသိမ် မြို့တွေမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်ရင်းတွေဟာ ရခိုင်ပြည်နယ် စေလွှတ်ခံရတိုင်း အသေအပျောက်များစွာနဲ့ တပ်ဖွဲ့စည်းပုံပျက်ပြီး ပြန်ရောက်လာတာကြောင့် အခု စက်တင်ဘာလ ဒုတိယအပတ်ထဲမှာ မော်လမြိုင်ကျွန်း အခြေစိုက်ဖြစ်တဲ့ ခလရ ၅၃၆ ကို ထပ်မံစေလွှတ်တာ ဖြစ်တယ်လိ့ သိရပါတယ်။
ပုံစာ – ရခိုင်ပြည်နယ် အပို့ခံရတဲ့ အကြမ်းဖက်စစ်သားတချို့ (ပုံဟောင်း)