သုံးခွတွင် စစ်မှုထမ်းရန် လိုက်ပါမည်ဟုဆိုကာ သိန်း ၈၀ ယူ၍ ဆိုင်ကယ်ဝယ်စီးပြီး လာခေါ်ချိန်တွင် ဆိုင်ကယ်ဖြင့် ထွက်ပြေး

by

in

သုံးခွတွင် စစ်မှုထမ်းရန် လိုက်ပါမည်ဟုဆိုကာ သိန်း ၈၀ ယူ၍ ဆိုင်ကယ်ဝယ်စီးပြီး လာခေါ်ချိန်တွင် ဆိုင်ကယ်ဖြင့် ထွက်ပြေး
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်
ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်တွင် စစ်မှုထမ်းဥပဒေဖြင့် သင်တန်းသားသစ်ခေါ်ယူရာတွင် စစ်သင်တန်း လိုက်မည်ဟု မိမိသဘောဆန္ဒအရ နာမည်စာရင်းပေး၍ စစ်ကောင်စီထံမှ သိန်း ၈၀ ရယူကာ လာခေါ်ချိန်တွင် ထွက်ပြေးသွားကြောင်း သိရသည်။
ယခုစက်တင်ဘာလအတွင်း စစ်ကောင်စီက စစ်မှု ထမ်းရန် သင်တန်းသားသစ်ခေါ်ယူရာ သုံးခွမြို့နယ်မှ ကျေးရွာသားတစ်ဦးသည် မိမိသဘောဆန္ဒဖြင့် နာမည်စာရင်းပေးပြီး ငွေကျပ် သိန်း ၈၀ ကိုရယူခဲ့ကြောင်း သိရသည်။
ထိုသို့ရယူပြီးနောက် တန်ကြေးအသင့်တင့်ရှိ ဆိုင်ကယ်ဝယ်စီး၍ ပိုသည့် ငွေများကိုယူကာ စစ်ကောင်စီက စစ်မှုထမ်းရန် လာရောက်ခေါ်ဆောင်ရာတွင် ဆိုင်ကယ်စီးပြီး ထွက်ပြေးသွားကြောင်း သိရသည်။
“သိန်း ၃၀ တန် ဆိုင်ကယ်ကိုဝယ်တယ်၊ အုပ်ကြီးတွေက ရပ်ရွာထဲကနေ လိုက်ကောက်ပေးထားတာ သိန်း ၁၀၀ လောက်ရတယ်။ သိန်း ၈၀ ကို အဲဒီကောင်ကယူပြီး အရက် အကောင်းစားတွေဘာတွေ ဝိုင်းဖွဲ့သောက် သွားသေးတယ်။ သူ့အမေကိုလည်း နည်းနည်းငွေပေးခဲ့တယ်ပြောတယ်။ စစ်မှုထမ်းဖို့ လာလည်းခေါ်ရော ဆိုင်ကယ်မောင်းပြီး ထွက်ပြေးသွားတယ်” ဟု သုံးခွ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီခန့် ရပ်ရွာအုပ်ချုပ်ရေးမှူးများက အဆိုပါ ထွက်ပြေးသွားသူကို စစ်မှုထမ်းရန် မဲပေါက်သည့် သူကိုယ်စား အစားထိုးစာရင်းသွင်းခဲ့ခြင်းဖြစ်ပြီး မဲပေါက်သူအချို့ နှင့် ရပ်ရွာထဲမှ ငွေကြေး လိုက်လံကောက်ယူကာ ၎င်းအား သိန်း ၈၀ ပေးအပ်ခဲ့ကြောင်း သိရသည်။
စစ်မှုထမ်းဥပဒေဖြင့် သင်တန်းသားသစ်ခေါ်ယူခံရသူ လူငယ်အများစုသည် ရှေ့တန်းသို့ ပို့လွှတ် ခံရမည်စိုး၍ သိန်းရာဂဏန်းနီးပါးဖြင့် လူစားထိုးမည့်သူကို ရှာဖွေ ပေးရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရ သည်။
ထို့အပြင် အုပ်ချုပ်ရေးမှူးများကလည်း မဲနှိုက်ပြီး သင်တန်းသားသစ် ခေါ်ယူရာတွင် လူစုလူဝေး ပြုလုပ်ရသည့်အတွက် ၎င်းတို့အသက်အန္တရာယ်ကို ထိခိုက်မည်စိုးရိမ်သောကြောင့် မိမိသဘောဆန္ဒအရ စစ် မှူထမ်းစာရင်းပေးသူများကို အထူးလိုလားကာ ရပ်ရွာထဲမှ ငွေကြေးကောက်ခံ၍ လူစားထိုးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
သုံးခွမြို့နယ်မှ ထွက်ပြေးသွားသည့် အမျိုးသားသည် ရပ်ရွာအတွင်း အလုပ်အကိုင်မရှိဘဲ မူးယစ် သောက်စားနေကာ ယခုစစ်မှုထမ်းဥပဒေဖြင့် မဲနှိုက်ရန်အကြောင်းကြားလာချိန်တွင် တာဝန်ထမ်း ဆောင်မည်ဟု စာရင်းပေး၍ ငွေများလိမ်လည်ကာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။
ပုံစာ-စစ်မှုထမ်းသင်တန်းတက်ရောက်နေရသူလူငယ်အချို့အားတွေ့ရစဉ်
#ရန်ကုန် #သုံးခွ #စစ်သင်တန်း #ငွေကြေးရယူ #ထွက်ပြေး #Ayeyarwaddy_Times