စစ်တပ်က နိုင်ကျဉ်းများကို ကြိုးပေးမည်ဆိုသည့် သတင်းများဖြင့် စိတ်ဓာတ်စစ်ဆင်ရေးများ ပြုလုပ်နေဟုဆို

by

in

စစ်တပ်က နိုင်ကျဉ်းများကို ကြိုးပေးမည်ဆိုသည့် သတင်းများဖြင့် စိတ်ဓာတ်စစ်ဆင်ရေးများ ပြုလုပ်နေဟုဆို
24 Sep 2024 By Sayar Ngaat / MPA
အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများကို ကြိုးပေးမည်ဟူသော သတင်းများဖြင့် စစ်ကောင်စီတပ်က စိတ်ဓာတ်စစ်ဆင်ရေးများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၁၅ရက်မှ စတင်ကာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့၏အမှုတွဲတွင် ပါဝင်နေပြီး အင်းစိန်အကျဉ်းထောင်၌ အကျဉ်းကျခံနေရသည့် ကောင်းပြည့်စုံဦး၊ ကျော်ဝင်းစိုး၊ ဆန်းလင်းမောင်၊ ဇေယျာဖြိုးနှင့် မြတ်ဖြိုးပွင့်တို့ ငါးဦးကို စက်တင်ဘာ၂၄ ရက်တွင် ကြိုးပေးမည်ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်း ဖြစ်သည
“ကြိုးပေးမယ်ဆိုတဲ့ သတင်းကလည်း မဟုတ်ပါဘူး။ ကောလာဟလတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်နေတာပါ၊ ဒါဟာ စိတ်ဓာတ်စစ်ဆင်ရေးတစ်ရပ်ပါ၊ သေဒဏ် ချခံထားရသူတွေကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် လုပ်ဆောင်နေတာဖြစ်ပြီး မိသားစုဝင်တွေကိုပါ တစ်ဖက်လှည့်နဲ့ စိုးရိမ်ပူပန်ပြီး ဝမ်းနည်း ပူဆွေးအောင် လုပ်ဆောင်နေခြင်းဖြစ်ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများမှ သတင်းများကို မယုံကြည်ရန်နှင့် ယုံကြည်ရသည့် တော်လှန်ရေးအဖွဲ့အစည်းများ၊ သတင်းမီဒီယာများမှ အတည်ပြုထားသည့် သတင်းများကိုသာ လူမှုကွန်ရက်စာမျက်နှာများတွင် မျှဝေကြရန် ကိုသိုက်ထွန်းဦးက အသိပေးထားသည်။
စစ်ကောင်စီက သေဒဏ်ပေးမည်ဟု သတင်းထွက်ပေါ်ခဲ့သူ ငါးဦးသည် ၂၀၂၁ခုနှစ်၊ ဩဂုတ်လက ရန်ကုန်-အင်းစိန် ရထားပေါ်၌ ရဲငါးယောက်ကို ပစ်ခတ်သတ်ဖြတ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလတွင် ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်။
ယခုကဲ့သို့ သေဒဏ်ပေးမည်ဟု သတင်းထွက်ပေါ်ခဲ့သူ ငါးဦးအနက် ကိုကောင်းပြည့်စုံဦးကို ပုဒ်မ ၂/၁(က)၊ ပုဒ်မ ၅၄ များအရ သေဒဏ်နှစ်ကြိမ်၊ ကျန်သည့် လေးဦးကို ပုဒ်မ ၃၀၂၊ ပုဒ်မ ၃၀၇၊ ပုဒ်မ ၁၁၄၊ပုဒ်မ ၅၀၊ ဥပဒေပုဒ်မ ၅၄ (က) နှင့် ပုဒ်မ ၂/၂ များအရ သေဒဏ်နှင့် ထောင်တစ်သက် ချမှတ်လိုက်ကြောင်း စစ်ကောင်စီက ၂၀၂၃ခုနှစ်၊ မေလ ၁၈ရက်တွင် ထုတ်ပြန်ခဲ့သည်။
အလားတူ အင်းစိန်ထောင်ရှေ့တွင် ဗုံးဖောက်ခွဲခဲ့သည်ဟူသော အကြောင်းပြချက်ဖြင့် စစ်တပ်က ဖမ်းဆီးခြင်းခံထားရသည့် Special Task Agency of Burma (STA)အဖွဲ့၏ အထူးတာဝန်လုပ်ငန်းအဖွဲ့ဝင် ကိုကောင်းထက်(ခ) ဖိုးစီနှင့် ဇနီးဖြစ်သူ မချမ်းမြေ့သူ (ခ) ဂျူးဂျူးတို့ကို ၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၂၃ရက်တွင် အင်းစိန်အကျဉ်းထောင်၌ ကြိုးပေးခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့သည်။
” စက်တင်ဘာ၂၃ ရက်နေ့မှာ သေဒဏ်ကျခံနေရတဲ့လက်မယားနှစ်ဦးကို ကြိုးပေးသတ်ဖြတ်ခဲ့ခြင်းမရှိပါဘူး”ဟု ကိုသိုက်ထွန်းဦးက ဆိုသည်။
ထိုကဲ့သို့ စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများကို ကြိုးပေးသတ်ဖြတ်သည်ဟူသော သတင်းများ ဖြန့်ဝေနေခြင်းကြောင့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ စိုရိမ်ပူပန်နေပြီး တိကျသေချာသည့် သတင်းများကိုလည်း စုံစမ်း၍မရကြောင်း နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
” အဲဒီကိစ္စက မိသားစုဝင်တွေ ကိုယ်တိုင်ကလည်း ဘာမှ မသိကြဘူး။ ကြိုးပေးတဲ့သတင်းတွေလည်း ကြားရော မိသားစု‌ဝင်တွေကတော့ တော်ဝောာ်လေး စိတ်ထိခိုက်နေကြရတယ်။ မစားနိုင် မသောက်နိုင်နဲ့ အိပ်ရာထဲလဲတဲ့သူလဲ ဖြစ်နေကြတယ် ” ဟု ၎င်းက ပြောသည်။
ထို့ပြင် လူမှုကွန်ရက်စာမျက်နှာများ၌ ပျံ့နှံနေသည့် နိုင်ငံရေးအကျဉ်းသားများကို ကြိုးပေးမည်ဆိုသည့် သတင်းများအား အလွယ်တကူဖြန့်ဝေခြင်းမပြုဘဲ မိသားစုဝင်များကို အတည်ပြုပြီးမှသာ ဖြန့်ဝေမှုများ ပြုလုပ်သင့်ကြောင်း ၎င်းက အကြံပြုထားသည်။
စစ်ကောင်စီသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်တွင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် ကိုလှမျိုးနှင့် ကိုအောင်သူရဇော်တို့ကို သေဒဏ်ချမှတ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ၊ ဇူလိုင် ၂၃ ရက် တွင် ကြိုးပေးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
” ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ လေးဦးကို ကြိုးပေးခဲ့တယ်ဆိုတာ သိရတဲ့နေ့တုန်းက၊ ကျမတို့ အင်းစိန်ထောင်၊ အမျိုးသမီးဆောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူတွေက သူတို့ လေးဦးနဲ့ နွေဦးတော်လှန်ရေးမှာကျဆုံးသွားတဲ့ သူရဲကောင်းတွေကို ခုနှစ်ရက်လုံးလုံး အမျှဝေတာတွေ လုပ်ပြီး မတရားမှုတွေကို ရှုံ့ချတဲ့ပုံစံမျိုး ပြုလုပ်ခဲ့ကြပါတယ် ” ဟု အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်‌အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ တစ်ရက်မှ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၂၃ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၇၄၂၄ ဦးရှိကာ၊ လက်ရှိချိန်ထိ အကျဉ်းထောင်များ၌ ဖမ်းဆီးခံထားရသူ ၂၀၉၃၄ ဦးရှိပြီး ၎င်းတို့အနက် ၉၄၄၂ ဦးသည် ထောင်ဒဏ်များ ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း-AAPP စာရင်းများအရ သိရသည်။