မန္တလေးအနီး ရွှေတွင်းစောင့်တပ်ကို MDY-PDF ဝင်တိုက်

by

in

ပုသိမ်ကြီးမြို့နယ် ရွှေတွင်းတွင် အင်အား ၃၀ ဖြင့် စခန်းချထားသောတပ်ကို MDY-PDF က တိုက်ခိုက်ရာ လေတပ်နှင့် အခြားစစ်စခန်းတစ်ခုက ပြင်းပြင်းထန်ထန် ပစ်ကူပေးပြီး ခုခံခဲ့သည်ဟု သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဖယောင်းတောင် ရွှေတွင်းကို ယမန်နေ့ (သြဂုတ် ၆) ညနေပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့သည်ဟု ဒေသခံများနှင့် စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

ရွှေသတ္တုသိုက် တန်ချိန် ၄၇,၀၀၀ ကျော်ရှိနေနိုင်သည်ဟု ၂၀၁၉ ခုနှစ် အစီရင်ခံစာတစ်ခုက ခန့်မှန်းထားသည့် ထိုရွှေတွင်းသည် ပုသိမ်ကြီးမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လလယ်က MDY-PDF သိမ်းဆည်းထားသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းဖြစ်သော အယ်လ်ဖာဘိလပ်မြေစက်ရုံနှင့် တစ်မိုင်ခွဲခန့်အကွာတွင် တည်ရှိသည်။

ရွှေတွင်းနှင့်အနီးတစ်ဝိုက်တွင် အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသည့်စခန်းကို အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ MDY-PDF က ဝင်တိုက်ခြင်းဖြစ်ကြောင်း ပုသိမ်ကြီးမြို့မှ ဒေသခံအမျိုးသားက ပြောသည်။

တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းဖြစ်သည့် အယ်လ်ဖာဘိလပ်မြေစက်ရုံကို MDY-PDF များသိမ်းပိုက်
တိုက်ပွဲဖြစ်ပြီးနောက် ယင်းဒေသတစ်ဝိုက်ကို ညပိုင်းအထိ လေတပ်က ဗုံးကြဲတိုက်ခိုက်ခြင်း၊ ပုသိမ်ကြီးမြို့နယ် ထီးတော်မိုးကျေးရွာတွင် အထိုင်ချထားသည့် စခန်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ဖြင့် တုံ့ပြန်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

“မနေ့က နေ့လယ်ပိုင်းကနေစပြီး တစ်နေကုန်ပဲ၊ လေကြောင်းပစ်တာက အကြိမ်ရေ ၇၀ လောက်တောင် ရှိတယ်။ ဒေသခံတွေလည်း ထွက်ပြေးနေကြတယ်။ ဦးလေးတို့တောင် တောင်ကြားတွေဘက် သွားပြီး ဝပ်နေရတယ်” ဟု အထက်ပါ ဒေသခံသတင်းရင်းမြစ်က ဆိုသည်။

ယနေ့ (ဩဂုတ် ၇) နံနက်ပိုင်းတွင်လည်း လက်နက်ကြီးပစ်ခတ်သံ ကြားနေရပြီး တိုက်ပွဲအခြေအနေကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးစိုက်ရာ မန္တလေးမြို့နှင့် မိုင် ၂၀ ခန့်သာ ကွာဝေးပြီး ဧက ၂၀ နီးပါးကျယ်ဝန်းသည့် ထိုရွှေမိုင်းနှင့် စက်ရုံတို့ကို MDY-PDF က သိမ်းပိုက်ခဲ့ပြီး စက်ရုံဝန်ထမ်းမိသားစု ၁၃၀ နီးပါးကိုပါ ဖမ်းထားသည်ဟု စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် People Media က ယနေ့ သတင်းရေးထားသည်။

စစ်ကောင်စီနှင့် MDY-PDF ဘက်က ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး သြဂုတ် ၇ ရက်နေ့ ညနေပိုင်းအထိ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

ဖယောင်းတောင်ရွှေတွင်းကို ရန်ကုန်အခြေစိုက် နီလာလင်းလက်ကုမ္ပဏီက တူးဖော်မည်ဟု ၂၀၁၉ အတွင်းက ထုတ်ပြန်သည့် ကုမ္ပဏီ၏ အစီရင်ခံစာအရ သိရသည်။ ယင်းကုမ္ပဏီနှင့် စီမံကိန်းအကြောင်း Myananmar Now က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်များနှင့်အတူ ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင် တိုက်ခိုက်နေသည့် MDY-PDF သည် မန္တလေးမြောက်ဘက် မိုင် ၄ဝ အကွာ ဧရာဝတီမြစ်ကမ်းဘေးမှ စဉ့်ကူးမြို့ကို ဇူလိုင်လလယ်က သိမ်းပိုက်ထားပြီးနောက် မတ္တရာနှင့် ပုသိမ်ကြီးမြို့များမှ စစ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်နေသည်။

ဇွန် ၂၅ မှစတင်ကာ မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း MDY-PDF နှင့် မဟာမိတ်များက ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး မတ္တရာမြို့နယ်မှ စခန်း ၃၂ ခု၊ ပုသိမ်ကြီးမြို့နယ်မှ Alpha ဘိလပ်မြေစက်ရုံရှိ ကင်းစခန်း အပါအဝင် စခန်း ၃ ခု ရရှိထားပြီး ဖြစ်သည်။